စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို လူသားဒိုင်းလုပ်ပြီး ဖားကန့်လမ်းတွင် စစ်ကြောင်း လှုပ်ရှား
25 August 2023 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာ ဘုရှားကျောင်း၌ စစ်ရှောင်နေသည့် ပြည်သူများ၊ လမ်းပိတ်နေ၍ ပိတ်မိနေသည့် ပြည်သူများနှင့် ကျေးရွာဒေသခံအပါအဝင် အယောက် ၃၀ ကျော်ကို စစ်ကောင်စီတပ်က ယမန်နေ့ညက ၁၀ နာရီခန့်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် ဘာသာရေးဆရာတစ်ဦး၊ သက် ၁၄ နှစ်အရွယ် စစ်ရှောင်ကလေးနှစ်ဦးနှင့် အခြားစစ်ရှောင်အမျိုးသား ၅ ဦးတို့လည်းပါဝင်ပြီး နန့်ယားကျေးရွာ၌ ပိတ်မိနေသည့် ခရီးသွားပြည်သူများ နှင့် ဒေသခံများ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လိုင်းမှာပြန့်သလို ၁၀၀ လောက်တော့မရှိဘူး။ ကျွန်တော်တို့ သတင်းရသလောက်တော့ ၂၅၊ ၃၀ လောက် တော့ရှိမယ်။ အမျိုးသားတွေပဲဖမ်းသွားတာ။ မနေ့ည ၁၀ နာရီမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းတယ်။ ဘုရားကျောင်းကိုလည်းလာပြီး စစ်ရှောင်ေနတဲ့သူတွေပါသွားတယ်။ တချို့ အမျိုးသားတွေကတော့ စစ်သား တွေ လာတဲ့အချိန်ထွက်ပြေးသွားတယ်။ အမျိုးသမီးတွေကိုတော့ မခေါ်ဘူးသူတို့”ဟု နန့်ယား ဒေသခံတစ်ဦးက ဆိုသည်။
ကာမိုင်းလမ်းဘက်မှ တက်လာသည့် စစ်ကောင်စီတပ် အင်းအား ၁၂၀ ခန့်ရှိသည့် ခလရ (၁၂) တပ်ရင်းက ဩဂုတ်လ ၂၂ ရက်က နန့်ယားကျေးရွာ မရောက်မီ ကျောက်ထု စခန်းအနီး၌ တိုက်ခိုက်ခံခဲ့ရကြောင်းလည်း ဒေသခံများက ဆိုသည်။
ယင်းတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က နန့်ယားမှ ပြန်ထွက်လျှင် KIA ၏ တိုက်ခိုက်မှုခံရမည်ကို ကြောက်သည့့်အတွက် အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီ စစ်ကြောင်းဝင်လာသည့်အတွက် မြစ်ကြီးနား – ဖားကန့်လမ်းရှိ ဆိုင်းဖရာ၊ ကပ်မှော်ဇွပ်၊ ပျားအုံ၊ တံတားညီနောင် စသည့်ကျေးရွာများမှ ပြည်သူ အယောက် ၁၀၀၀ ကျော်လည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယခုနှစ် ဧပြီ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် မဒဲန်ယန် (မှော်ဘုံ)ကျေးရွာမှ ပြည်သူ အယောက် ၅၀ ကျော်ကို တစ်ကြိမ်၊ ဧပြီ ၁၈ ရက်နေ့ကလည်း ဆိုင်းဖရာကျေးရွာမှ ဒေသခံအယောက် ၅၀ ခန့်ကို တစ်ကြိမ် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ရှိခဲ့သည်။
ယင်းဖြစ်စဉ်တွင်လည်း KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့၍ အရပ်သားတစ်ဦးသေဆုံးပြီး ၆ ဦးပြင်းထန် ဒဏ်ရာ ရခဲ့သည်။