ဖားကန့်လမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ
25 August 2023 – Kachinwaves
ဖားကန့် – ကာမိုင်းလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တို့ ယနေ့နံနက် ၆ နာရီခန့်မှစပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွါးနေကြောင်း သိရသည်။
နန့်ယားအထက် ဖားကန့်သို့ သွားရာလမ်းပိုင်းတွင် လက်ရှိချိန် တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်ပြီး ယင်းလမ်းပိုင်း သွားလာရေးကို ဆက်လက်ပိတ်ပင်ထားသည်ဟု ကားဆရာတစ်ဦးက ပြောသည်။
“အခု တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ လမ်းကနောက်သုံးရက်လောက် ဖွင့်ဖို့ မမြင်သေးဘူး။”ဟု ၎င်းက ပြောသည်။
ယမန်နေ့ကလည်း နန့်ယား – မအူပင်ရေကာတာကျေးရွာကြားတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေး တပ် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရကြောင်းလည်း ၎င်း ကဆိုသည်။
ထို့ပြင် ယမန်နေ့ည ၈ နာရီက အင်အား ၁၂၀ ခန့်ပါဝင်သည့် တပ်မ ၃၃ လက်အောက်ခံ အမှတ် ၁၂ ခမရ စစ်ကြောင်း သည် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ဘုရားကျောင်း တွင် ခိုလှုံနေသည့် စစ်ရှောင်ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် စစ်ရှောင်ပြည်သူများသည် ကျောက်ထုကျေးရွာ၊ အွန်ကထောင်ကျေးရွာနှင့် ခင်တောင် ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းကလည်း ကာမိုင်းမှ ဖားကန့်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကျောက်ထုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် KIA က နန့်ယားအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်ဆို့နေရာယူထားသည့် အတွက် နန့်ယားကျေးရွာတွင် ခရီးသည်နှင့် ကားဆရာများ ပိတ်မိနေခြင်းဖြစ်သည်။
ဩဂုတ်လ ၂၂ ရက်နေ့ တိုက်ပွဲဖြစ်ပွါးစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့် အတွက် နန့်ယားကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရခဲ့သည်။