ဝိုင်းမော်မြို့တွင် ပစ္စတိုနှစ်လက် ကိုင်ဆောင်ထားသည့် လူ ၆ ဦးက ရပ်ကွက်နေအိမ်ထဲ ဝင်ရောက်ကာ ရွှေငွေပစ္စည်းများ ဓါးပြတိုက် ယူဆောင်သွား
23 August 2023 – Kachinwaves
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက် (၅)ရှိ နေအိမ်တစ်အိမ်၌ ပစ္စတိုနှစ်လက် ကိုင်ဆောင်ထားသည့် လူ(၆)ဦးက ယနေ့ညနေ ၅ နာရီခန့်အချိန်တွင် ဓါးပြတိုက်လုယက်သွားကြောင်း သတင်းရရှိသည်။
ဓါးပြတိုက်သူများသည် တရုတ်ယွမ်ငွေ ရှစ်သောင်း၊ မြန်မာကျပ်ငွေ သိန်းပေါင်းတစ်ထောင့်သုံးရာ၊ ရွှေနှင့် CANDA ဆိုင်ကယ်တစ်စီးကို လုယူသိမ်းပိုက်သွားကြောင်း ဒေသနှင့် နီးစပ်သူသတင်းရင်းမြစ်က ပြောသည်။
နေအိမ်ထဲ ဓါးပြဝင်တိုက်သူများသည် နှခေါင်းစည်း (Mask) တပ်ထားပြီး အိမ်ရှင်မိသားစုများကို ကြိုးသုတ် ၍ နေအိမ် အိပ်ခန်းအတွင်း ပိတ်လှောင်ထားကာ ရွှေငွေပစ္စည်းများကို ဓါးပြတိုက် လုယက်ယူဆောင်သွား ကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။
Kachinwaves ၏ သတင်းစောင့်ကြည့်လေ့လာချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဖားကန့်မြို့နှင့် မိုးညှင်းမြို့များတွင် သေနတ်ကိုင်ဆောင် လုယက်မှု ငါးကြိမ် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိ ရသည်။
ယခု ဩဂုတ်လ ၉ ရက်နေ့တွင်လည်း ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ပစ္စတို ကိုင် ဆောင်ထားသည့် လူတစ်ဦး ဝင်ရောက်လုယက်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် သတင်းလည်း ကြားသိခဲ့ရသည်။ ၎င်းလုယက်သူ ကိုင်ဆောင်သည့် ပစ္စတိုသေနတ်၌ အမှတ် (၂၃၆) ခလရ အမှတ်တံဆိပ်ကိုတွေ့ရပြီး လုယက်သူကို စစ်ကောင်စီစစ်သားများက ရဲစခန်းမှ လာရောက်ခေါ်ဆောင်သွား ကြောင်းလည်း သိရသည်။
ဝိုင်းမော်မြို့တွင်လည်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့များနှင့် KIA တို့ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ ရှိသည်။ လက်ရှိအချိန်၌လည်း ဝိုင်းမော်မြို့နယ်တွင် ဇူလိုင်လမှစ၍ တိုက်ပွဲများပြင်းထန်ဖြစ်ပွားကာ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။