အင်းတော်မြို့ စစ်ခုံရုံးတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၃ ဦးကို သေဒဏ်ချ
23 August 2023 – Kachinwaves
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအတွက် လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးသည် ဟုဆိုကာ စစ်ကိုင်းတိုင်း အင်းတော်မြို့၊ စစ်ခုံရုံးတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ဩဂုတ်လ ၁၈ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
သေဒဏ်ချမှတ်ခံရသူလေးဦးထဲမှ ကိုကျော်စွာဝင်း (ခ) ကိုကျော်စွာ၊ မမြင့်မြင့်အေး (ခ) အေးအေးတို့နှစ်ဦး မှာ ထီးချိုင့်မြို့နယ်မှဖြစ်ပြီး အင်းတော်မြို့သို့လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျော်စွာဝင်းနဲ့ မြင့်မြင်အေးကိုလည်း အင်းတော်မြို့ထဲ လမ်းမှာပဲ ဆိုင်ကယ်ရပ်ခိုင်းပြီး စစ်ဆေး ဖမ်းဆီး လိုက်တာလို့ သိရပါတယ်။ ထီးချိုင့်နယ်ဘက်ကတွေလို့ သိရပါတယ်။”ဟုပြောသည်။
နောက်နှစ်ဦးမှာ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်ကျော်ကျော်မိုး (ခ) လားလား နှင့် အင်းတော်ကားဂိတ်ရှိ စံရတီယာဉ်လိုင်းတွင် ယာဉ်မောင်းအဖြစ်လုပ်ကိုင်နေသည့် ကိုဇော်မျိုးထွန်း (ခ) တိုနီတို့ဖြစ်ကြောင်း သူကဆက်ပြောသည်။
“ကိုဇော်မျိုးထွန်း (ခ) တိုနီဆိုတဲ့တစ်ယောက်က စံရတီယာဉ်လိုင်းမှာ ကားမောင်းနေရင်း အင်းတော်မြို့အဝင် မှာ ဖမ်းခံလိုက်ရတာ။ လူကိုဖမ်း၊ ကားကိုသိမ်းဆည်းလိုက်ပြီး စကစတွေက အဲ့ကားနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့တယ်။ အောင်ကျော်ကျော်မိုးကိုလည်း မြို့ထဲမှာပဲ ဖုန်းတွေစစ်ရင်းဖမ်းမိတာလို့ သိရတယ်။”ဟု ပြောသည်။
PDF များအတွက် လက်နက်ခဲယမ်းများ ဝယ်ယူရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စစ်ကောင်စီကို PDF များအကြောင်း တိုင်ကြားရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နှင့် ၅၂ (ခ) တို့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Fifty Two News တွင်ဖော်ပြထားသည်။
တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသော စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဖေဖော်ရီလ ကစပြီး စစ်ကောင်စီက စစ်ဆေးရေးပိုမိုတင်းကြပ်စွာလုပ်ဆောင်လာပြီး အရပ်သားပြည်သူများမကြာခဏ ဖမ်းဆီးခံရသည်။
ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် များချမှတ်သည့်အပြင် ထောင်ဒဏ်တစ်သက်၊ တစ်သက်တစ်ကျွန်းနှင့် သေဒဏ်ချမှတ်ခံရသည့် အရပ်သား ပြည်သူများလည်း ရှိသည်။