ရှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် ကချင်ဘက်သို့ စစ်အင်အားဖြည့်တင်းနေရသည်ဟု ဆို
22 August 2023 – Kachinwaves
စစ်ကောင်စီတပ်က ရှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များမှ လူအင်အားရယူကာ ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ စစ်အင်အား ဖြည့်တင်းရန် ပို့ဆောင်နေကြောင်း ကေအိုင်အေ နှင့် ပြည်သူ့စစ် သတင်း ရင်းမြစ်များထံမှ သိရသည်။
ပြည့်သူ့စစ်အဖွဲ့တစ်ဖွဲ့မှ လူအင်အား ၅၀ စီထုတ်ခိုင်းကြောင်း သိရသော်လည်း မည်သည့် ပြည်သူ့စစ်အဖွဲ့ များမှ ဖြစ်သည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရှမ်းစကားနဲ့ ကချင်စကား ပြောတာတွေကြားရတယ်လို့ ဒေသခံတွေကတော့ ပြောတယ်။”ဟု သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
၎င်းစစ်ကူပြည်သူ့စစ်များကို ဩဂုတ်လ ၁၉ ရက်နေ့က မန္တလေးမှ ဗန်းမော်ဘက်သို့ လေယာဉ်ဖြင့် ပို့ဆောင် ပြီးပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂ လ ခန့်ကတည်းက ရှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များကို လက်နက် ကြီး ပစ်ခတ်နည်းများ အပါအဝင် စစ်သင်တန်းပေးနေကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။
USIP အဖွဲ့တွင် ဧည့်သုတေသီတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် မြန်မာ့ စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူ ကိုရဲမျိုးဟိန်း ၏ လေ့လာသုံးသပ်ချက်အရ လက်ရှိ စစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေး စစ်အင်အား နှစ်သောင်းဝန်းကျင်နှင့် (နောက်တန်း) လက်ရုံးဝန်ထမ်း ၅ သောင်းကျော်ခန့်ရှိပြီး ရေ၊ လေ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်း အင်အားကိုထည့်တွက်လျှင် တစ်သိန်းကျော်သာရှိပြီး နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ ပျူစောထီး များပါ ထည့်တွက်လျှင် နှစ်သိန်းခွဲအထိ ရှိနိုင်သည်ဟု ဘီဘီစီမြန်မာပိုင်း၏ သတင်းမြင်ကွင်း ဆွေးနွေးခန်း၌ ဆွေးနွေးသွားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများကို KIA၊ PDF ပူးပေါင်းတပ်တို့၏ ကြားဖြတ်တိုက်ခိုက်မှုတွင် အထိနာပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာကာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ကူခဲ့ရသည့် တိုက်ပွဲများလည်း ရှိခဲ့သည်။