မိုးကောင်းတွင် စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် လူငယ် ၄ ဦး ဖမ်းဆီးခံရ
22 August 2023 – Kachinwaves
စစ်ကားပစ်ခတ်ခံရပြီးနောက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကြပ်စွာ လုပ်ဆောင်နေပြီး ဩဂုတ်လ ၂၀ ရက်နေ့က ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၄ ဦးရှိခဲ့ ကြောင်း သိရသည်။
မိုးကောင်းမြို့တွင် ဩဂုတ်လ ၁၉ ရက်နေ့က ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သိရသလောက်တော့ လောလောဆယ် လေးယောက်ပေါ့နော်။ ဘယ်ခေါ်သွားလဲဆိုတာကိုတော့ ခုထိ မသိရသေးဘူး။”ဟု ပြောသည်။
ဖမ်းဆီးခံရသူ ၄ ဦးသည် အိုးတန်းရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှ နှစ်ဆယ် ကျော်အရွယ် များဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွား ခြင်း ဖြစ်ကြောင်းသိရသည်။
စစ်ကားပစ်ခတ်ခံရပြီးနောက် ယခုလက်ရှိချိန်အထိ မိုးကောင်းမြို့အတွင်း လုံခြုံရေးတင်းကြပ်စွာ လုပ်ဆောင် နေပြီး လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူကဆက်ပြောသည်။
“(ပစ်ခတ်မှုဖြစ်ပြီး) နောက်ပိုင်းမှာလည်း ရပ်ကွက်တွေထဲမှာ ဖုန်းတွေကိုစစ်တယ်။ သူတို့မသင်္ကာတဲ့ သူဆိုရင် ခေါ်ပြီးတော့ မေးမြန်းမှုတွေရှိတယ်။ အဓိကကတော့ လူငယ်လေးတွေဆိုရင် အဓိကစစ် တာပေါ့။”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး မိုးကောင်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီသတင်းပေးဟု ယူဆရသူများနှင့် အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရခြင်းနှင့် လုံခြုံရေးယူသည့် စစ်ကားပစ်ခတ်ခံရခြင်းများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။