ကသိုဏ်းတောင်းစခန်း သိမ်းခံရသည့် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်
8 August 2023 – Kachinwaves
ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအနီးက ကသိုဏ်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် လာပစ်ခတ် သွားကြောင်း KIA သတင်းရင်းမြစ်များက ပြောသည်။
“ဟုတ်တယ် ခဏကပဲ လေယာဉ်တစ်စီးနဲ့ ၃ ကြိမ် လာပစ်သွားတယ်။ အခြေအနေ အသေးစိတ်တော့ မသိသေးဘူး။ အခုလည်း နောက်တစ်စီး တက်လာတယ်လို့ ကြားနေတယ်။”ဟု KIA သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း လှမ်းပစ်နေဆဲ ဖြစ်ကြောင်း ပြောသည်။
ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအကျော်ရှိ စစ်အင်းအား ၆၀ ဝန်းကျင်ခန့်ရှိသည့် ကသိုဏ်းတောင် (Kasen Bum) ရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ကသိုဏ်းတောင် တိုက်ပွဲကြောင့် ယမန်နေ့ ထွက်ပြေးခဲ့ကြသော ဒေသခံအချို့လည်း ယနေ့နံနက် ကျေးရွာ သို့ ပြန်သွားကြသူများရှိကြောင်း သိရသော်လည်း အခြေအနေ အသေးစိတ်ကို မသိရပေ။
ထို့အပြင် ယမန်နေ့မှာပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ တံတားအနီးရှိ စစ်ကောင်းစီနှင့် ပူးပေါင်း တိုက်ခိုက်နေသည့် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်စခန်းတစ်ခုကိုလည်း KIA က သွားရောက်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု KIA သတင်းရင်းမြစ်ဘက်က ဆိုသည်။