ပန်ဝါဒေသက မြေရှားသတ္တုကျင်းတူးနေစဉ် မြေပြိုကျမှုကြောင့် မြစ်ကြီးနားက အမျိုးသားတစ်ယောက် သေဆုံး
9 August 2023 – Kachinwaves
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တု လုပ်ငန်းခွင်တစ်ခုမှာ ဩဂုတ်လ ၇ ရက်နေ့က မြေပြိုတဲ့အထဲပါသွားပြီး ပျောက်ဆုံးနေသူရဲ့အလောင်းကို ဒီနေ့ မနက်ပိုင်း တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။မြေရှားသတ္တုတူးဖို့အတွက် ဘေးကျင်းတူးနေစဉ် မြေပြိုတဲ့အထဲပါသွားတာဖြစ်ပြီး အလောင်းကို ဒီနေ့မနက် ၈ နာရီလောက်မှာ တူးဖော်ရရှိခဲ့တယ်လို့ ပြောပါတယ်။
“ဩဂုတ်လ ၇ ရက်နေ့က အလုပ်လုပ်နေတဲ့အချိန်မှာ မြေပြိုတဲ့အထဲပါသွားတာ။ အဲနေ့ကတည်းက ရှာတာ ဒီနေ့မနက်မှ တွေ့တယ်။ သေသွားတဲ့သူက မြစ်ကြီးနား အေးမြသာယာက ဦးဆိုင်းလတ်ဆိုတဲ့သူ ဟုတ်တယ်။”လို့ ဒေသခံက ပြောပါတယ်။ မြေပြိုမှုကြောင့် သေဆုံးသွားသူဟာ ၄ လပဲရှိသေးတဲ့ ကလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်ကြောင်းလည်း ပြောပါတယ်။
အခုနှစ် ဇွန်လ ၄ ရက်နေ့ကလည်း မြေရှားသတ္တုလုပ်ကွက် မြေပြိုမှုကြောင့် လုပ်ကွက်ဆိုဒ် မန်နေဂျာ တရုတ်လူမျိုးတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်တွေ အုပ်စိုးတဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ မှာ မြေရှားသတ္တု တူးဖော်မယ့်နေရာတွေ ကုန်လာပြီး အခုနောက်ပိုင်း ချီဖွေမြို့အနီးအနား တွေအထိ တူးဖော်လာကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံ အကောက်အခွန်ဌာန (China custom) ရဲ့ စာရင်းအရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာကနေ တရုတ်ကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂ ဘီလီယံကျော် တန်ဖိုးရှိ ကြောင်း သိရပါတယ်။