ဘဝင်မြင့်ခဲ့သမျှ အရှက်ပြန်ရနေတဲ့ စစ်ခေါင်းဆောင်တွေ
Opinion – 12 August 2023 – Kachinwaves
မြန်မာစစ်တပ်ဟာ စစ်ဗိုလ်စစ်သားဆိုတာ နိုင်ငံရေး အမြင်ရှိသလို စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ လည်းရှိလို့ အရပ်သား နိုင်ငံရေးသမားတွေထက် ခေါင်းတစ်လုံးသာတယ်ဆိုတဲ့ အတွေးကြောင့် ဘဝင်မြင့် ပြီး အရပ်သားအစိုးရအောက်မှာ မနေချင်ဘဲ အကြိမ်ကြိမ် အာဏာသိမ်းကာ အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာတော့ ကံကြမ္မာက စစ်ခေါင်းဆောင်တွေကို မျက်နှာသာမပေးတော့လို့ ကျဉ်းထဲ ကျပ်ထဲ အခက်တွေ့နေပြီ ဖြစ်ပါတယ်။
၈၈ လူထုလှုပ်ရှားမှုကို နှိမ်နင်းပြီး စစ်အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စီနီယာ ဗိုလ်ချုပ်ကြီးတွေကို အားကျကာ “အရင်ကလည်း ပိတ်ဆို့မှုတွေရှိခဲ့လို့ ပိတ်ဆို့တဲ့ဒဏ်ကို ခံနိုင်တယ်။ မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက် သွားမယ်”လို့ စစ်ကောင်စီဟာ လေသံပစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ကတည်းက နိုင်ငံတကာ သံခင်းတမန်ခင်းမှာ ခံစစ်အနေအထားကနေ ရုန်းမထနိုင်ဘဲ အခု ၂၀၂၃ ခုနှစ်ရောက်တော့ စစ်ရေးမှာလည်း ခံစစ်အနေအထားသို့ ဆိုက်ရောက်လာပြီး အခုနောက်ဆုံး ၆ လ တက်တမ်းတိုးတဲ့ အချိန်မှာတော့ သူ့ရဲ့ ဝန်ကြီးအဖွဲ့တွေကို ဌာနပြောင်းလိုက်၊ ဖြုတ်လိုက်ခန့်လိုက်၊ အနားပေးလိုက်၊ စစ်တိုင်းမှူးတွေကို အရေး ယူလိုက်နဲ့ ပျာယာခတ်နေပါတယ်။
နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီ ပထမဆုံး အရှိုက်ထိထိုးနှက်ခံခဲ့ရတာကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပ ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ စစ်ကောင်စီကို ဆန့်ကျင် ပြီး CRPH ရဲ့ သတင်းစကားကို ဖတ်ကြားခဲ့တဲ့အချက် ဖြစ်ပါတယ်။
နောက်ထပ် တစ်ချက်ကတော့ အာဏာသိမ်းပြီး ၃ လပြည့်ဖို့ တစ်ပတ်အလို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက်ခဲ့ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီအချက် ၅ ချက်ကို စစ်ကောင်စီက လိုက်နာဆောင်ရွက်မှု မရှိတဲ့အချက်နဲ့ နောက်ပိုင်း အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေကို အစည်းအဝေး တက်ရောက်ခွင့် မပေးတော့ဘဲ နိုင်ငံရေးအရ တာဝန်မရှိတဲ့သူတွေသာ တက်ရောက်ဖို့ အာဆီယံအဖွဲ့က ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာမှာ အထိနာစေတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးအတွက် သမိုင်းဝင် ဆုံးဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီကို အရင်က ဗီတိုအာဏာသုံးပြီး ကာကွယ်ခဲ့တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကြားနေခဲ့သလို စစ်ကောင်စီနဲ့ ဆက်ဆံနေတယ်လို့ ဝေဖန်ခံနေရတဲ့ အိန္ဒိယနိုင်ငံကလည်း ထောက်ခံမဲမပေး ဘဲ ကြားနေခဲ့ပါတယ်။ ကျန်တဲ့ လုံခြုံရေးအဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု ဆက်ဆံမှုတွေကို ရှောင်ရှာပြီး သံတမန်အဆင့် လျှော့ချမှုတွေ ပြုလုပ်လာခဲ့တဲ့အတွက် စစ်ကောင်စီဟာ နိုင်ငံတကာ မျက်နှာစာမှာ ထိုးဖောက်ဖို့ ခံစစ်အနေအထားကနေ ရုန်းမထွက်နိုင်ဘဲ အကြပ်အတည်း တွေ့နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေဟာ ၂၀ ရာစုက ၈၈ အရေးအခင်းကိုကြည့်ပြီး ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးအန်တုမှုတစ်ချို့ ရှိလာနိုင်တယ်လို့သာ ခပ်ဖေါ့ဖေါ့ တွက်ဆထားခဲ့ပုံရပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့အတူ ကမ္ဘာကြီးနဲ့ စက္ကန့်နာရီနဲ့အမျှ ဆက်သွယ်ချိတ်ဆက်ခွင့်ရခဲ့တဲ့ လူငယ်တွေရဲ့ တုန့်ပြန် တော်လှန်လာမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာမှု၊ အာဏာဖီဆန် ရေး (CDM) လှုပ်ရှားမှုတွေက သူတို့ သိပ်မထင်ထားခဲ့တဲ့ လှုပ်ရှားမှုတွေဖြစ်ပြီး အလစ်အငိုက်ခံရတဲ့သဘော ဖြစ်ပါတယ်။
အလားတူ အဆိုပါ စစ်ကောင်စီကို တော်လှန်လာတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေး အစဉ်အလာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ချိတ်ဆက်မိသွားပြီး ပူးပေါင်းတော်လှန်လာမယ့် အချက်ကို လည်း စစ်ကောင်စီက သိပ်တွက်ဆ ထားပုံမပေါ်ပါ။ ဒါကြောင့် တိုင်းရင်းသား ပြည်နယ်မဟုတ်တဲ့ စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေတာဟာ KIO/KIA ရဲ့ ထောက်ပံ့မှုကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီစွပ်စွဲနေတာ ဖြစ်ပါတယ်။ အဲသလို စစ်ကောင်စီဘက်က စွပ်စွဲသလို သူတို့အတွက် ဝါဒဖြန့်ပေးနေတဲ့သူတွေလည်း KIO/KIA ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အကြိမ်ကြိမ် နှိုးဆော် ဝါဒဖြန့်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းတာ ၂ နှစ်ကျော်သွားပေမဲ့ ဘာကိုမှ မည်မည်ရရ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ စစ်ကောင်စီ ဟာ သူလက်မလွတ်ချင်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သူကြိုက်သလို အဓိပ္ပါယ်ဖွင့်ဆို ပြီး နောက်ထပ် အာဏာသိမ်း သက်တမ်းတိုးမယ့် ဩဂုတ်လ ၁ ရက်နေ့ မတိုင်မီ ဇူလိုင်လအတွင်းမှာပဲ နိုင်ငံ တကာနဲ့ တော်လှန်ရေး အင်အားစုတွေကို အာရုံလွဲဖို့ကြိုးစားတဲ့ ချိန်ကိုက်လှုပ်ရှားမှု လုပ်ခဲ့တာကို တွေ့ရ ပါတယ်။
စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည့်ကို တွေ့ဆုံပေးပြီး ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာလူထု ခါးစည်းခံနေရတဲ့ ဆုံးရှုံးမှုတွေနဲ့ နိုင်ငံ့ စီးပွားရေးအပေါ် စိုးရိမ်ကြောင်း၊ လက်ရှိ မြန်မာ့အရေးအတွက် ဆွေးနွေးပြောဆိုမှုကို ထောက်ခံကြောင်း” ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကနေတဆင့် နိုင်ငံတကာရဲ့ အာရုံရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းထားတော့ မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို အကြမ်းဖက်နည်းသုံးပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ NUG၊ PDF တွေကို မထောက်ခံကြောင်း သတင်းတွေ ပျံ့နှံ့စေခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ခုက KIO/KIA ကြောင့် စစ်ကိုင်းတိုင်းမှာ စစ်မီးတောက်ရတယ်လို့ ဝါဒဖြန့်ပြီး လိုင်ဇာကို ဦးတည်တဲ့ ထိုးစစ်ဆင်မှု ပြုလုပ်လာပါတယ်။ ဇူလိုင် လဆန်းကနေစပြီး မြစ်ကြီးနား – ဗန်မော်လမ်း လိုင်ဇာအနီး ဒေသဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြေပြင်တိုက်ပွဲတွေ တိုက်ခိုက်နိုင်ဖို့ အင်အားချိနဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်က အရာ မထင်ဘဲ မြေမြင်စစ်ကြောင်းတွေ အသက်ရှူချောင်ဖို့ လေကြောင်းအားကိုးနေရတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လော်ဘီတွေကြုံးဝါးသလို KIO/KIA ဌာနချုပ်ကို ခြိမ်းခြောက်ဖို့ ထိုးစစ်ဆင်နေစဉ်မှာဘဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ စစ်ဗိုလ်တစ်ချို့ အရေးယူခံရတဲ့သတင်းတွေ ပြန်ထွက်လာပါတယ်။
ဒီလိုနိုင်ငံရေးနဲ့ စစ်ရေးနှစ်ခုစလုံးမှာ ဆုတ်ယုတ်လာနေတဲ့ စစ်ကောင်စီဟာ အာဏာသိမ်း ၂ နှစ်ကျော်ကာလ အတွင်း ဝန်ကြီးတွေကို မကြာခဏ ခန့်လိုက်ဖြုတ်လိုက် လုပ်နေခဲ့ပါတယ်။ အခုနောက်ဆုံး ၆ လ သက်တမ်း တိုးပြီးပြီးချင်းမှာလည်း အာဏာသိမ်းခေါင်းဆောင်က သူ့ဝန်ကြီးတွေကို အားမလိုအားမရ မယုံမကြည့် ဖြစ်ပြီး ဌာနပြောင်းလိုက်၊ အသစ်ခန့်လိုက်၊ ဖြုတ်လိုက်နဲ့ အလုပ်တွေ ရှုပ်နေပုံရပါတယ်။
နဂိုကတည်းက အခြေအနေ မဟန်တဲ့ကြားထဲ အခုအသစ်ပြန်ခန့်လိုက်တဲ့ ဝန်ကြီးတွေနဲ့ ဌာနအသစ်ကိုင်ရတဲ့ ဝန်ကြီးတွေကလည်း စူပါမန်တွေ မဟုတ်တဲ့အတွက် ၆ လအတွင်း အရင်လူတွေထက်ထူးပြီး လုပ်နိုင်စွမ်း ရှိမယ် မထင်ပါ။
ဒီလို စစ်ကောင်စီရဲ့ အခြေအနေ ဆုတ်ယုတ်လာပေမဲ့ ရန်သူကို အထင်မသေးရသလို အလွန်အကျွန်လည်း အထင်မကြီးရဆိုတဲ့အတိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေ ဆက်လက် ပူးပေါင်းလက်တွဲပြီး ကြိုးစားကြမယ်ဆိုရင် စစ်ကောင်စီရဲ့ အကြံကုန် ဂဠုန်ဆားချက် အကြံအစီတွေလည်း အရှုံးနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
===
Photo: CINCDS