ပူတာအိုက ပြည်သူများ ထပ်မံစစ်ဘေးရှောင်ရမည့် ကိန်းဆိုက်နေပြီလား
အပတ်စဉ်။ 13 May 2022 – Kachinwaves
ယခုနှစ် ဖေဖေါ်ဝါရီလ ၁ နေ့မှ မတ်လ လလယ်အထိတိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်သွားကာ စစ်ရှောင်ပြည်သူများလည်း နေရပ်ပြန်လာကြပြီဖြစ်သော ပူတာအို – မြစ်ကြီးနား ကားလမ်းမဘက်တွင် စစ်ရေးလှုပ်ရှားလာသည့်စစ်ကောင်စီတပ်၏ သတင်းများကို ယခုရက်ပိုင်းအတွင်း ပြန်လည်မြင်တွေ့လာ ရသည်။ ထိုသို့ စစ်ရေးလှုပ်ရှားမှုသတင်းများသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးအတွက် ဖိတ်ကြားသည့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကေအိုင်အို လက်မခံကြောင်း ထုတ်ပြန်ပြီးနောက် ဖြစ်ပေါ်လာသည့် သတင်းများ ဖြစ်သည်။
စစ်ကောင်စီဥက္ကဌ ဖိတ်ကြားသော တွေ့ဆုံပွဲသည် ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်ခြင်း မရှိဘဲ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည့် သဘောထားမပါသောကြောင့် ပါဝင်ဆွေးနွေးသွားမည် မဟုတ်ကြောင်း ကေအိုင်အိုက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာကတော့ လက်နက်ကိုင်ပြဿနာတော့ မဟုတ်ပါဘူး။ ဒါနိုင်ငံရေးပြဿနာဖြစ်ပါတယ်။”ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကိုပဲ ဖိတ်ကြားသည့် စစ်ကောင်စီဥက္ကဌ၏ ဖိတ်ကြားချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီနှင့် မတ်လများတွင် ပူတာအိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆွမ်ပီယာန်၊ အင်စီယာန်နှင့် လုံရှာယန် ကျေးရွာများမှ ပြည်သူများသည် မြစ်ကြီးနားမြို့သို့ ထွက်ပြေးခိုလှုံခဲ့ရသလို တောတောင်များတွင် တစ်လကျော် ပုန်းရှောင်ခဲ့ရသည့် ပြည်သူများလည်း ရှိခဲ့သည်။
ထိုသို့ တစ်လကျော်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)၊ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင်များနှင့် ကချင် အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR)တို့၏ ညှိနှိုင်းဆောင်ရွက်မှုကြောင့် မတ်လ ၂၃ရက်နေ့မှစပြီး ပူတာအို စစ်ရှောင်ပြည်သူများအသီးသီး နေရပ်ပြန်ကြရာ လူဦးရေ ၉၀၀ ခန့်နေရပ်ပြန်နိုင် ခဲ့ကြသည်။
ကျေးရွာသို့ ပြန်လာနိုင်သော်လည်း ကျေးရွာတွင် စစ်ကောင်စီတပ်များ စခန်းချနေသည့်အတွက် လုံခြုံစိတ်ချမှုမခံစားရကြောင်း ရွာသားများက ပြောဆိုခဲ့ကြပါသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဆွမ်ပီယာန်ကျေးရွာမှ နေအိမ် (၇)လုံး ထိခိုက်ပျက်စီးသွားရပြီး နေရပ်ပြန် စစ်ရှောင်ပြည်သူများသည် အကူအညီ မလုံလောက်မှုများနှင့် ကြုံခဲ့ရသည်။
အဆိုပါ ပူတာအိုမြို့နယ်က နေရပ်ပြန်သွားကြမည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောင်ကွင်းတွင် လာရောက်တွေ့ဆုံပြီး ကာကွယ်ဆေးထိုးကြရန်၊ မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် ကျောင်းဖွင့်လျှင် အားလုံးကျောင်းတက်ကြရန် မှာကြားသွားခဲ့သည်။
စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ်က မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေမည်ဆိုလျှင် တိုက်ပွဲများ ထပ်ဖြစ်လာနိုင်ပြီး ကျေးရွာပြည်သူများလည်း ထပ်မံစစ်ဘေးရှောင်ရမည့် ကိန်းဆိုက်နေသည်။
ပုံ – မြစ်ကြီးနားမြို့ စီတာပူမနောင်ကွင်းတွင် ဦးခက်ထိန်နန်မှ ပူတာအို စစ်ရှောင်များကို မှာကြားနေချိန်။ /CJ