ကျေးရွာထဲလက်နက်ကြီး ပစ်ခတ်ခဲ့သည့် ဖားကန့်မြို့ရှိ အကျဉ်းထောင် တိုက်ခိုက်ခံရ
22 June 2022 – Kachinwaves
ပြည်သူများ ထိခိုက်သေဆုံးသည်အထိ လက်နက်ကြီးများ ပစ်ခတ်လျှက်ရှိနေသည့် ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယာန်ကျေးရွာ အကျဉ်းထောင်ကို ယနေ့နံနက် ကေအိုင်အေနှင့် PDF တို့လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးနဲ့သွားပစ်တာ အချက် ၂၀ လောက်ရှိမယ်။ ပြီးတော့ သေနတ်ငယ်တွေနဲ့အပြန်အလှန်ပစ်ကြတယ်။ အဲထောင်ကနေ မှော်ဘုံဘက်ကို လက်နက်ကြီးခဏခဏပစ်ပြီး ပြည်သူတွေသေတာတွေရှိတော့ သွားခြိမ်းခြောက် ပစ်ခတ်တယ်လို့ပဲထင်တယ်။ ထိခိုက် သေဆုံးမှုဘယ်လောက်ရှိလဲတော့ မသိဘူး”ဟုဖားကန့်ဒေသခံက ဆိုသည်။
ယနေ့နံနက် ၄ နာရီခွဲခန့်ကနေ ၅ နာရီကျော်ထိ ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။ ယခုအကျဉ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြခဲ့ကြ၍ ဖမ်းခံရသည့် ပြည်သူ ၄၀ ကျော်လည်း ချုပ်နှောင်ခံထားရသည့် အကျဉ်းထောင်ဖြစ်သည်ဟု ပြောသည်။
၎င်းအကျဉ်းထောင်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် ဇွန်လ ၁၉ ရက်နေ့တွင် မှော်ဘုံကျေးရွာက ပြည်သူ ၃ ဦးထိခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့သလို မေ ၃ ရက်နေ့ကလည်း အမျိုးသားနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။