မြန်မာ့သမိုင်းတွင် ပထမဆုံး နိုင်ငံ၏လူဦးရေ တစ်ဝက်ခန့် ဆင်းရဲနွမ်းပါးမှုအောက်မှာ ရောက်နေပြီဟု ဒေါက်တာ ဆာဆာပြော
21 June 2022 – Kachinwaves
အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် နိုင်ငံသည် မြန်မာ့သမိုင်းမှာ ပထဦးဆုံး နိုင်ငံ့လူဦးရေ၏ တစ်ဝက်ခန့်သည် ဆင်းရဲနွမ်းပါးမှုအောက် ရောက်ရှိနေပြီဟု ယနေ့ ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာဆာဆာက ပြောဆိုလိုက်ပါသည်။
မြန်မာနိုင်ငံသား ၁၂ သိန်းကျော်သည် စစ်ရှောင်ဒုက္ခသည်များဖြစ်နေပြီး ၎င်းငတ်မွတ်ခေါင်းပါးမှုကို စစ်ကောင်စီက ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေါက်တာဆာဆာက ပြောပါသည်။
“မြန်မာ့သမိုင်းမှာ တခါမှ မရှိဖူးဘူး။ မြန်မာနိုင်ငံ လူဦးရေတစ်ဝက် ဆင်းရဲနွမ်းပါးမှုအောက်မှာ ရောက်နေပြီ”ဟု ပြောပြီး လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်များက လူသားချင်းစာနာထောက်ထားခြင်း တစ်ခုလုံးကို ပိတ်ပင်ထားသည့်အတွက် ဖြစ်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဒုက္ခသည်များကို ကူညီထောက်ပံ့မှုများလိုအပ်နေပြီး နိုင်ငံတကာအနေဖြင့် လူသားချင်းစာနာထောက်ထားခြင်း အကူအညီများပေးရန် လုပ်ဆောင်သော်လည်း စစ်ကောင်စီကဟန့်တားခြင်းများပြုလုပ်နေသည်ဟု ဆိုသည်။
၎င်းစာနာထောက်ထားမှုများကို စစ်ကောင်စီက ၎င်းတို့၏ ထိန်းချုပ်ရာ နယ်မြေများအတွက်သာကြည့်ပြီး ၎င်းတို့ မထိန်းချုပ်နိုင်ငံသည့် နယ်မြေများကိုမူ အကူအညီများ မရအောင် နည်းမျိုးစုံသုံးကာ လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ထမင်းကို လက်နက်အဖြစ်နဲ့ အသုံးပြုနေပြီး၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေကို အကူအညီပေးပြီး မထိန်းချုပ်ထားတဲ့ နယ်မြေကိုကျ အကူအညီ မပေးဘူးဆိုတာ လုံးဝ မလက်ခံသင့်တဲ့အရာ၊ NUG အနေနဲ့ ကမ္ဘာကို လူသားချင်းစာနာထောက်ထားဖို့ ပြောပေမယ့် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မရအောင် စစ်ကောင်စီက တစ်နှစ်ကျော်အတွင်းဖန်တီးသွားတယ်”ဟု ဒေါက်တာဆာဆာက ပြောသည်။
NUG သည် လူသားချင်းစာနာထောက်ထားမှုများကို ပြည်တွင်းပြည်ပမှ ပြည်သူများ ထောက်ပံ့သည့် ငွေကြေးကျပ် ၃ ဘီလံကျော်ဖြင့် ကူညီပေးနေကြောင်း သိရသည်။ ၎င်းထောက်ပံ့မှုများကို NGOs များမှတစ်ဆင့် သော်လည်းကောင်း၊ CDM များနှင့် တခြားနည်းလမ်းပေါင်းစုံကိုသုံး၍ ကူညီထောက်ပံ့ပေးနေကြောင်း ၎င်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
စစ်အာဏာသိမ်းပြီးနောက် မြနမာနိုင်ငံတွင် ဒုက္ခသည် ၁ သန်းကျော် ရှိလာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားသည်။