21 June 2022- Kachinwaves
ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် EPC ဝန်ထမ်းတွေ ဖြစ်တယ်လို့ အိမ်ရှင်တွေကိုပြောပြီး ပင်မမီးကြိုးနဲ့ ချိတ်ယူရတဲ့ Service မီးကြိုးတွေကို လူတချို့က ဖြုတ်ယူမှုတွေ ဖြစ်နေကြောင်း မြို့လျှပ်စစ်ဦးစီးမှူး ဦးရှဲနိုင်က ပြောပါတယ်။
“EPC ကလို့ပြောပြီး ယူတယ်၊ အခုတလော အဖြစ်များနေတယ်။ အတိအကျတော့ မသိသေးဘူး။ လိုက်လံစုံစမ်းနေပါတယ်။ ဘယ်သူ ခိုးတယ်ဆိုတာတော့ မသိသေးဘူး” လို့ ၄င်းကပြောပါတယ်။
တနိုင်းမြို့က လူနေအိမ် ၃အိမ်မှာ အခုလို မီးကြိုးဖြုတ်ယူခံရမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာလုပ်ဖို့အတွက် ဖြုတ်ယူတာကို အတိအကျ မသိရပေမဲ့ တနိုင်းမြို့နယ်ရှိ မှော်တွေမှာ သွားရောင်းစားဖို့ ဖြစ်နိုင်တယ်လို့ လျှပ်စစ်ဦးစီးမှူးက ပြောပါတယ်။
၄င်းလျှပ်စစ်မီးကြိုးတွေကို EPC ကသာ ဖြုတ်ယူပိုင်ခွင့်ရှိပြီး အိမ်ရှင်တွေပင် မိမိသဘောနဲ့ ဖြုတ်ယူခွင့် မရှိဘူးလို့ ၄င်းက ဆက်ပြောပါတယ်။
“မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းကိစ္စ ဒါမှမဟုတ် အိမ်ရှင်ကကြိုးလဲချင်တယ်ဆိုမှ EPC က ကြိုးကို ကိုင်ခွင့်ရှိတာပါ”လို့ ပြောပါတယ်။
ကချင်ပြည်နယ်က အခြားမြို့တွေမှာလည်း နေအိမ်ပြင်ပ လမ်းပေါ်က လျှပ်စစ်မီးကြိုးတွေ ခိုးခံရတဲ့အမှုတွေ ရှိခဲ့ပေမဲ့ အခုလို လူနေအိမ်အတွင်းထိ ပေါ်ပေါ်တင်တင် ဖြုတ်ယူခံရတဲ့အမှုမျိုးကို မကြားခဲ့ရပါ။
တနိုင်းမြို့ရှိ လျှပ်စစ်မီးမှာ စက်မောင်းလျှပ်စစ်ပေး မီးသာဖြစ်ပြီး ည ၆ နာရီမှ ၁၀ နာရီ အထိသာ မီးရရှိတဲ့ မြို့ ဖြစ်ပါတယ်။