ဖားကန့်တွင် လက်နောက်ပြန်ကြိုးသုတ် သတ်ဖြတ်ခံရသည့် လူသတ်မှု ထပ်ဖြစ်
20 June 2022 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနှင့် လုံးခင်းကျေးရွာကြားတွင် လက်နောက်ပြန်ကြိုးသုတ်ကာ ပစ်သတ်ခံထားရသည့် အမျိုးသား ၃ ဦး၏အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
“ပေါ်ဦးလက်ဖက်ရည်ဆိုင်နားမှာ မနေ့ညကတည်းက လာပစ်ထားတာတဲ့။ လက်နောက်ပြန်ကြိုသုတ်ပြီး သေနတ်ဒဏ်ရာလည်း ရှိတယ်တဲ့။ ပေါ်ဦးဆိုင်က ရဲစခန်းကို အကြောင်းကြားတာ သူတို့(ရဲတွေ) လာမကောက်လို့ လူမှုကူညီရေးအသင်းတွေက လာကောက်သွားတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ ၃ ဦးမှာ တော်မှော်ကတစ်ဦး၊ ဆိုင်ဂျာဘွမ်က တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
မည်သည့်အဖွဲ့က သတ်ဖြတ်ထားကြောင်းကိုတော့ မသိရှိရကြောင်း ဖားကန့်ဒေသခံက ဆိုသည်။
မေ ၃၁ ရက်နေ့ကလည်း ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ကျေးရွာအနီးတွင် မက်လင်ဂျောင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါ အဝင် ၄ ဦး လက်နောက်ပြန်ကြိုးသုတ်ကာ သတ်ဖြတ်ခံရသည့် အမှုလည်း ဖြစ်ပွားခဲ့သည်။