စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြင်းထန်ဒဏ်ရာရရှိသူ ဖားကန့်က အမျိုးသမီး မြစ်ကြီးနားသို့ ပို့ဆောင်သည့် လမ်း၌ သေဆုံး
20 June 2022 – Kachinwaves
ယမန်နေ့က ဖားကန့်မြို့ မှော်ဘုံကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် ၃ ဦးထဲမှ ဒဏ်ရာပြင်းထန်သူ အမျိုးသမီးတစ်ဦး ယနေ့ မြစ်ကြီးနားသို့ ပို့ဆောင်နေစဉ် လမ်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
သေဆုံးသွားသူသည် အသက်(၅၄)နှစ်အရွယ် ဒေါ်ခင်ညိုဝင်း ဖြစ်သည်ဟု ဆိုသည်။ ကျန်နှစ်ဦးသည် ဒဏ်ရာမပြင်းထန်သည့်အတွက် ဖားကန့်ရှိ ဆေးခန်းတွင် ဆေးကုသနေကြောင်း သိရသည်။
“ဒေါ်ခင်ညိုဝင်းကတော့ အခုမနက်ကပဲ နမ်ယာအရောက်မှာ ဆုံးသွားတယ်။ အလောင်းကို ဖားကန့်ကိုပြန်သယ်လာပြီ။”ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှစ်လုံး မှော်ဘုံ ကျေးရွာ လမ်းသွယ် ၉ နှင့် လမ်းသွယ် ၇ တွင် ကျရောက်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၂ ခုနှစ် မေ ၃ ရက်နေ့ကလည်း မှော်ဘုံကျေးရွာက အမျိုးသားနှစ်ဦး နေအိမ်ထဲရှိနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့သည်။
ယနေ့နံနက်ကလည်း ဖားကန့်မြို့မှော်စီဇာကျေးရွာနှင့် လုံခင်းကျေးရွာကြားတွင် နောက်ပြန်ကြိုးသုတ် သတ်ဖြတ်ခံရသည့် အမျိုးသား ၃ ဦး၏အလောင်းကို ပတ်ဝန်းကျင်ရှိပြည်သူများက တွေ့ရှိခဲ့သည်။