စစ်ကောင်စီစစ်ကြောင်းများ ကချင်နှင့် ရှမ်းမြောက်တွင် အကြိမ်ကြိမ် တိုက်ခိုက်ခံနေရ
16 June 2022 – Kachinwaves
အကြိမ်ကြိမ်တိုက်ခိုက်ခံရသည့် ပူတာအိုမြို့မှ မြစ်ကြီးနားမြို့သို့ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းကို ယနေ့နံနက်ကလည်း မြစ်ကြီးနားမြို့နယ် တန်ယန်ဇွပ်ကျေးရွာအနီးတွင် ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုပါတယ်။
“ဒီမနက် တိုက်ခိုက်ခံရတာလည်း ပူတာအိုကဆင်းလာတဲ့အဖွဲ့ပဲ ကားနဲ့ဆင်းလာတဲ့ စစ်ကြောင်းကို ကေအိုင်အေက မိုင်းနဲ့ တိုက်ခိုက်တာဟုတ်တယ်။ တန်ယာန်ဇွပ်အောက် အင်ဆူယာန်ကျေးရွာနားမှာ ကေအိုင်အေ တပ်ရင်း ၄ က တိုက်တာ။ ထိခိုက်မှုကတော့ အတိအကျမသိရသေးဘူး”ဟု တန်ယန်ဇွပ်ဒေသခံတစ်ဦးက ပြောသည်။
၎င်းယာဉ်တန်းကိုပဲ ဇွန်လ ၁၅ ရက်နေ့နံနက်ကလည်း ကေအိုင်အေက ဆွပ်ပရာဘွမ်မြို့နယ် စွပ်ခါးကျေးရွာအနီး၌ တိုက်ခိုက်ခဲ့ပြီး ကားနှစ်စီး ထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာပြင်းထန်းသည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မိုင်းနဲ့ စောင့်ပြီးတိုက်တာပေါ့။အဓိကက ဟိုတလောက တက်လာတဲ့ယာဉ်တန်းတွေ ပြန်ဆင်းလာတဲ့အဖွဲ့ဟုတ်တယ်။ ထိခိုက်မှုကတော့ အတိအကျ သတင်းပေးလာတာတော့ မရှိသေးဘူး။ အခုအဖွဲ့ကို စောင့်ပြီးတိုက်တာက ၃ ခေါက်လောက်တောင်ရှိပြီ”ဟု ကေအိုင်အေ သတင်းနှင့်ပြန်ကြားရေးဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ကလည်း အဆိုပါယာဉ်းတန်းကို ဆွပ်ပရာဘွမ်မြို့နယ် ထိန်ဘိုင်၊ နမ်ခမ်နဲ့ ခဂယန်းယာန် စသည့် ကျေးရွာအနီးများတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပြည်သူ့စစ် ၁၀ ဦးသေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်ဟု ဒေသသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီအမှတ် (၇၇)တပ်မ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ယနေ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် သာမက မိုးညှင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာများတွင် စစ်ကောင်စီစစ်ကြောင်းများသည် မကြာခဏ တိုက်ခိုက်ခံရလျှက်ရှိသည်။