၆ လအတွင်း ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု
1 June 2022 – Kachinwaves
ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှ ၂၀၂၂ ဧပြီ လအထိ၊ ၆ လအတွင်း ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ ပြည်သူများရှိရာဘက်သို့ လေကြောင်းဖြင့် တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ရပ်သမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ၂၁ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
၆ လအတွင်း ထပ်တိုးလာသည့် စစ်ရှောင်ပြည်သူ ၅ ထောင်ကျော်ရှိကြောင်းလည်း ဖော်ပြထားသည်။
“ပြည်သူတွေရဲ့ အသက်အန္တရာယ်ကတော့ အချိန်နဲ့အမျှ စိုးရိမ်နေရပါတယ်။ ကျွန်မတို့ပြည်သူတွေ အိမ်ထဲမှာနေရင်တောင်မှ ကြောက်လန့်ပြီးတော့ နေနေရတဲ့အခြေအနေ၊ ပြီးလို့ရှိရင် လမ်းသွားရင်တောင် လမ်းမှာပစ်သတ်ခံရတဲ့ အခြေအနေပေါ့နော် အရမ်းကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့အခြေအနေကို မြင်တွေ့ရပါတယ်”ဟု KWAT ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ် Moon Nay Li က ဆိုသည်။
လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသည့် ဒေသခံပြည်သူ ၃၄ ယောက်အထိရှိခဲ့ကြောင်းလည်း အစီရင်ခံစာ၌ ပါရှိသည်။
စစ်ကောင်စီ၏ လုပ်ရပ်များကို ရပ်တန့်စေရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဉပဒေအောက်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ တစ်ရပ်ကို အာဏာလွှဲပြောင်းပေးနိုင်ရန်အတွက် စစ်ကောင်စီအပေါ် သံတမန်ရေးနှင့် စီးပွားရေး ဖိအားများကို တိုးမြင့်သွားရန် KWAT က အစီရင်ခံစာမှတဆင့် တောင်းဆိုထားပါသည်။