ကချင်နှင့်ရှမ်းမြောက် (၃)နေရာမှာ စစ်ကောင်စီတပ်ကို ကေအိုင်အေတိုက်ခိုက်
2 June 2022-Kachinwaves
ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း နေရာ ၃ နေရာတွင် ယမန်နေ့ ဇွန် ၁ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့ကိုကေအိုင်အေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူများ ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ်ခေါင်တောင်တဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေ တပ်မဟာ(၆)၊ တပ်ရင်း(၃၆)က ဇွန် ၁ ရက်နေ့ နံနက်ပိုင်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် စစ်သားအင်အား ၇၀ ခန့်ရှိသည့် စစ်ကြောင်းဖြစ်ပြီး ဆက်လက် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဆိုသည်။
ဇွန် ၁ ရက်နေ့ကပဲ ကချင်ပြည်နယ် ပူတာအိုမြို့မှ ရိက္ခာပို့ပြီးဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းကို ကေအိုင်အေက ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူများရှိခဲ့ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ယမန်နေ့ကပဲ ဖားကန့်မြို့နယ် ရှဒူဇွပ်နှင့် နောင်းမီကျေးရွာကြားတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ကို ကေအိုင်အေက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ လကုန်ပိုင်းမှ စတင်ပြီး ကချင်ပြည်နယ် ဖားကန့်၊ ပူတာအို မြို့နယ်များတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများလည်း ဖြစ်ပွားလျှက်ရှိသည်။