ဖားကန့်သို့ တပ်ချိန်းရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကေအိုင်အေ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၃ဦးသေ
27 May 2022-Kachinwaves
ယနေ့နံနက် ၆နာရီခွဲခန့်တွင် ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအနီး၌
တပ်ချိန်းရန်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူတို့တို့ တပ်ချိန်းလာတဲ့အချိန် ကေအိုင်အေတွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ သူတို့ဘက်က သုံးယောက် သေတာတွေ့ခဲ့တယ်တဲ့”ဟု ဒေသခံတစ်ဦးက ပြန်လည်ပြောပြသည်။
တိုက်ပွဲမှာ ဆိုင်းတောင်ကျေးရွာအနီးရှိ မိုးကာရွာ၊ ကောင်ရှန်ရွာနှင့် အောင်စုကျော်အနီးများတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ၎င်းတပ်ချိန်းရန်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၂၀၀ ခန့် ရှိကြောင်း သိရသည်။
မေလ ၂၃ရက်နေ့တွင် ဖားကန့်မြို့ ကရင်ချောင်မှော်အနီးသို့ တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းလည်း ကေအိုင်အေ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်။