ကျင်းကျေးရွာအနောက်ဘက် စစ်ကောင်စီစစ်ကြောင်းကို ထီးလင်း PDF တိုက်ခိုက်
21 April 2022-Kachinwaves
မကွေးတိုင်း ထီးလင်းမြို့ ကျင်းကျေးရွာအနောက်ဖက် တောင်ပေါ်(ဟန်းချောင်းကုန်း)သို့ အင်အား ၅၀ ကျော်ဖြင့် ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ထီးလင်း PDF တပ်ဖွဲ့များမှ ဧပြီလ ၁၉ရက်နေ့တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထီးလင်း PDF မှ ထုတ်ပြန်ထားသည်။
ကျင်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ထီးလင်း PDF မှ တိုက်ခိုက် သိမ်းပိုက်ခဲ့သဖြင့် စစ်ကြောင်း ထိုးလာခြင်း ဖြစ်ကြောင်း ထီးလင်း PDF က ပြောသည်။
“ကျွန်တော်တို ထီးလင်း PDF က သူတို လက်အောက်ခံ ရဲစခန်းကို သိမ်းယူလိုက်လို့ စစ်ကြောင်းထိုးပြီး နယ်မြေလာရောက်ရှင်းလင်းတာ”ဟု ထီးလင်း PDF တပ်ဖွဲ့ဝင်မှ တစ်ဦးက ပြောသည်။
(YRPA) ယောဒေသတပ်ပေါင်းစု ကျောက်ထုတပ်ရင်းမှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်ရှိရာသို့ ပစ်ကူပေးခဲ့ကြောင်း ဖော်ပြထားသည်။
ညနေ ၆နာရီခန့်တွင် အရှေ့ပုံတောင်သို့ ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ သည် ထီးလင်း PDF မှ ထောင်ထားသည့် မိုင်းနင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး သေဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ လူနေအိမ်များမှ အဝတ်အစားများကိုဝတ်ဆင်ကာ ပြည်သူအယောင်ဆောင်နေကြောင်းလည်း ဖော်ပြထားသည်။
ကျင်းရွာအတွင်း စစ်ကောင်စီတပ်များ မရှိတော့သည်ဟု ထင်ပြီး ဒေသခံ သားအဖနှစ်ဦး မိမိအိမ်သို့ပြန်လာရာ စစ်ကောင်စီတပ်များမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သားအဖနှစ်ဦးလုံး ထိခိုက်ဒဏ်ရာများ နှင့် ထွက်ပြေးလွတ်မြောက်လာကြောင်း ရေးသားထားသည်။
ဧပြီလ ၁၇ရက်နေ့တွင်လည်း မကွေးတိုင်း ထီးလင်းမြို့နယ် ကျင်းကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ထီးလင်း PDF က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီနယ်မြေရဲစခန်းမှူး(၂ )ပွင့်ဗိုလ် ကျဆုံးခဲ့ကာ ရဲတပ်ဖွဲဝင်(၂)ဦးလည်း ဒဏ်ရာရရှိခဲ့သည်။