ကေအိုင်အို ထိန်းချုပ်ဒေသရှိကျောင်းများတွင် ဆယ်တန်း ဖြေဆိုသည့် ကျောင်းသားဦးရေ တစ်ဆကျော်များလာ
22 April 2022 – Kachinwaves
ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်ဒေသရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ယခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသူကျောင်းသားဦးရေ ယခင်နှစ်ကထက် တစ်ဆကျော်များလာကြောင်း သိရသည်။
ယခုနှစ် (၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင်) ဖြေဆိုသူ ကျောင်းသူကျောင်းသား ၂၁၉၂ ဦးရှိပြီး ယခင် ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သည့် တက္ကသိုလ် ဝင်တန်း ကျောင်းသူကျောင်သားဦးရေ ၈၀၀ ကျော်သာရှိခဲ့ကြောင်း သိရပါသည်။
ကေအိုင်အို ထိန်းချုပ်ဒေသရှိ အခြေခံပညာ အထက်တန်းကျောင်း(၉)ကျောင်းမှ ကျောင်းသူကျောင်းသားများမှာ ဧပြီ ၂၁ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို စတင်ဖြေဆိုနေပြီး ဧပြီ လ၂၈ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းသူကျောင်းသားအသစ်များကိုလည်း ယခင်နှစ်များအတိုင်း မေလ ၂၅ ရက်နေ့၌ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၁ရက်နေ့တွင် ကျောင်းပြန်ဖွင့်မည် ဖြစ်သော်လည်း ကိုဗစ်ရောဂါအခြေအနေကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကေအိုင်အို ပညာရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ ကျောင်းများကို ကိုဗစ် ရောဂါ အခြေအနေကြောင့် ကျောင်းဖွင့်နောက်ကျခဲ့ပြီး ကူးစက်မှုနှုန်းကျလာပြီးနောက် ယမန်နှစ် ဇွန်လတွင် ကျောင်းများကို ပြန်လည်ဖွင့်ပေးခဲ့ပါသည်။
Photo-Credit