မြစ်ကြီးနားမှာ အလုပ်ကပြန်လာသူတစ်ဦး ဓါးမြတိုက်ခံရ
21 April 2022-Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ တပ်ကုန်းစျေးအနီး၌ ဧပြီလ ၂၀ရက်နေ့ ည ၁၀ နာရီခန့်တွင် အမည်မသိလူတစ်စုက ဆိုင်ဝန်ထမ်းတစ်ဦးကို ဓားထောက် ဓားမြတိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
၎င်းဆိုင်ဝန်ထမ်းမှာ အလုပ်ဆင်းပြီး နေအိမ်မှလာကြိုသည့် ကားနှင့် အိမ်ပြန်ရန် ကားပေါ်တက်နေချိန် အမည်မသိလူတစ်စုက ဆိုင်ကယ်ဖြင့်ရောက်လာကာ ဓားထောက် ဓားမြတိုက်ခဲ့သည်ဟု မြို့ခံက ပြောသည်။
“ဆိုင်က ဝန်ထမ်းတစ်ယောက်ကို သူ့အိမ်က လာကြိုချိန် ကားပေါ် အတက်မှာ ဆိုင်ကယ်နဲ့ လူတစ်စုရုတ်တရက် ကားနားရောက်လာပြီး ကားပေါ်က လူနှစ်ယောက်လုံးကို ဓါးထောက်လိုက်တယ်။ မအော်ခိုင်းဘူး ပိုက်ဆံအိတ် ဖုန်းအကုန်ယူပြီး ကားသော့ပါတောင်းတယ်”ဟု ဖြစ်စဉ်ကို မြင်တွေ့လိုက်ူည့် မြို့ခံက ပြောသည်။
ပိုက်ဆံအိတ်နှင့် ဖုန်းအလုခံလိုက်ရပြီး ကားစက်နိုး၍ မရသည့်အတွက် ကားပါမသွားကြောင်း သိရသည်။
မတ်လ ၂၇ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ဂျပန်လမ်း နွားသတ်ရုံအနီးတွင် လူငယ်သုံးဦးမှ သေနတ်ထောက်ကာ ကားတစ်စီး လုယက်ခဲ့သည်။