ဖားကန့်မှာ စစ်တပ်ပိုင် Mytel ဖုန်း အင်တာနက်လိုင်း ထပ်မံဖြတ်တောက်ခံရ
19 April 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်တပ်ပိုင် Mytel ဖုန်း အင်တာနက်လိုင်း ဧပြီ ၅ ရက်နေ့၌ ပြန်လည်ဖွင့်ပေးခဲ့ရာမှ ယမန်နေ့ ဧပြီလ ၁၈ရက်ညနေ့တွင် ပြန်လည်ဖြတ်တောက်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညကနေ မရတော့တာပေါ့။ ဘာကြောင့်ပြန်ပိတ်သွားတာလဲတော့ မသိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
Mytel ဖုန်းအင်တာနက်လိုင်း ပြန်ဖွင့်ပေးပြီး ၁၄ရက်အကြာတွင် ပြန်လည်ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ဖားကန့်မြို့တွင် ဧပြီလ ၅ရက်နေ့တွင် စစ်ကောင်စီက Mytel အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးခဲ့သော်လည်း အခြားဖုန်းလိုင်းများကိုတော့ ဖွင့်ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံက ဆိုသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း Mytel အင်တာနက်လိုင်း တစ်ရက်သာဖွင့်ပေးခဲ့ပြီး ပြန်လည်ဖြတ်တောက် သွားခဲ့သည်။
စစ်ကောင်စီတပ်မှ ဖားကန်မြို့တွင် အင်တာနက်လိုင်းများကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှစပြီး လိုင်းဖြတ်တောက်ခဲ့ရာ မနက်ဖြန်ဆိုလျှင် ၈လပြည့်တော့မည် ဖြစ်သည်။