ထီးလင်းမြို့နယ် ကျင်းကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို ထီးလင်း PDF သိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်
19 April 2022-Kachinwaves
မကွေးတိုင်း ထီးလင်းမြို့နယ် ကျင်းကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ထီးလင်း PDF က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထီးလင်း PDFမှ ထုတ်ပြန်ထားသည်။
ဧပြီလ ၁၇ ရက်နေ့၌ သွားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနယ်မြေရဲစခန်းမှူး(၂ )ပွင့်ဗိုလ် ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင်(၂)ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထီးလင်း PDF တပ်များမှ စစ်ကောင်စီ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချ အလင်းဝင်ရန်တိုက်တွန်းခဲ့သော်လည်း လက်မခံသည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ကျင်းကျေးရွာသို့ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ် သုံးလုံး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။
ရဲစခန်းသိမ်းခဲ့ပြီးနောက် ညနေပိုင်းတွင် ကျင်းကျေးရွာ အရှေ့ပုံတောင်နတ်ထိပ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထီးလင်း PDF၊ မှ ပ.က.ဖ ထီးလင်း တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ဦး သေဆုံးခဲ့ကြောင်း ထီးလင်း PDFမှ ထုတ်ပြန်ထားသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်အင်အား ၂၀၀ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထီးလင်း PDFမှ သုံးဦး ပိတ်မိခဲ့သည့်အတွက် ထီးလင်း PDFမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ရေးသားထားသည်။
Photo-People’s Defense Force – Htilin