ကရင့်သမိုင်းတွင် ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခြင်း ခံရသည့် ”ကော်”နယ်မြေ ၅ခု
18 April 2022 – Kachinwaves
ကရင့်သမိုင်းတွင် ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းဖြစ်သည့် ဌာနေကရင်လူမျိုးစုများအနေဖြင့် ၎င်းတို့၏ ထုံးတမ်းအစဉ်အလာအရ အတူတကွ အသုံးပြုစီမံခန့်ခွဲ ထိန်းသိမ်းကြသော ဒေသအခေါ် “ကော်” နယ်မြေ ၅ခုကို လက်မှတ်ပေးအပ်ခဲ့ကြောင်း KNU ဗဟို မြေယာကော်မတီက ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
KNU ခရိုင်နယ်မြေနှစ်ခုဖြစ်သည့် တောင်ငူခရိုင်အတွင်းမှ ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူပယ်၊ ကော်မူလားဟေး နှင့် မူတြော်(ဖာပွန်) ခရိုင်အတွင်းမှ ကော်သေဂူ စသည့် ကော်နယ်မြေ ၅ခုကို ကေအဲန်ယူ၏ အသိအမှတ်ပြုမှုဖြင့် တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့်လက်မှတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၎င်း”ကော်”နယ်မြေထဲတွင် စိုက်ပျိုးမြေနေရာ၊ ကျေးရွာ၊ ယုံကြည်ကိုးကွယ်မှုအရ တားမြစ်ထိန်းသိမ်းထားသည့်နေရာ၊ သစ်တော နှင့် ဇီဝမျိုးကွဲထိန်းသိမ်းကာကွယ်ရာနေရာများပါဝင်ပြီး ယုံကြည်မှု နှင့် ယဉ်ကျေးမှုများအရ တားမြစ်သည့် ရှောင်ရန်အမှုအမျိုးမျိုးပါဝင်သော လူမှုအသိုက်အဝန်းစည်းမျဉ်း စည်းကမ်းများဖြင့် စီမံခန့်ခွဲကြောင်း ဆိုသည်။
ကေအဲန်ယူအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် အုပ်ချုပ်ရေး ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေမည် မဟုတ်ဘဲ ကေအဲန်ယူ၏ မြေယာမူဝါဒကအတိုင်း “ကော်” နှင့် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ကေအဲန်ယူ ဗဟိုမြေယာကော်မတီ၏ ထုတ်ပြန်ချက်တွင်ပါရှိကြောင်း သိရသည်။
Source: Karen Information Center. Photo: Saw Mort