လေယာဉ်နှင့်တကွ CDM ပြုလုပ်လာလျှင် ကျပ်ငွေသိန်းတစ်သောင်းချီးမြှင့်မည့်အချက်အပါ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ အမိန့်ကို NUG ထုတ်ပြန်
7 April 2022-Kachinwaves
စစ်ကောင်စီတပ် အသုံးပြုလျှက်ရှိသည့် လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅သိန်း (သို့) မြန်မာကျပ်ငွေသိန်း ၁၀,၀၀၀ ချီးမြှင့်မည့်အချက် အပါအဝင် ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ အမိန့်ကို NUG မှ ယနေ့ ထုတ်ပြန်လိုက်သည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်လေကြောင်း တိုက်ခိုက်မှုများ၊ ရေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ အောက်ပါ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း ရေးသားထားသည်။
ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များကို အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်ရန် ပျံသန်းလာသည့်လေယာဉ်ကို တနည်းနည်းဖြင့် ပျက်စီးအောင် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင်၊ ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင်နှင့် လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များကို အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တိုက်လေယာဉ်ဆီ သိုလှောင်ကန်များကို ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တကန်လျှင်၊ စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီး နိုင်လျှင်၊ မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင်၊ တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း (သို့) မြန်မာ ကျပ်ငွေသိန်း ၂,၀၀၀တို့ကို ချီးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆုချီးမြှင့်ငွေများကို အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မည်သူမဆို ခံစားခွင့်ရှိကြောင်း ရေးသားထားသည်။
ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရဟုပါရှိထားပါသည်။