ကသာမှာ စစ်ကောင်စီ ရိက္ခာတင် စက်လှေကို မြို့လှ PDF တိုက် ၊ စက်လှေနှစ်စီးလုံးနစ်မြုပ်
7 April 2022-Kachinwaves
ကချင်ပြည်နယ် ရွှေကူမြို့မှ ကသာဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ ရိက္ခာတင်စက်လှေနှစ်စီးကို မြို့လှPDF က ယနေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစက်လှေနှစ်စီး နစ်မြုပ်သွားကြောင်း မြို့လှPDFမှ တာဝန်ရှိသူတဦးက ပြောသည်။
ရွှေကူမြို့နယ်အုပ်ချီရွာမှ ကသာမြို့ မြို့လှရွာဖက်သို့ စက်လှေမထွက်ခင် စစ်ကောင်စီတပ်မှ ကောက်ကွေ့ချောင်းရိုးတစ်လျှောက်လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ခံရသည့်နောက်တွင်လည်း အုပ်ချီရွာက စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း မြို့လှPFDမှ တဦးက ပြောသည်။
“အတန်ကြာပစ်ခတ်ပြီးတော့ သူတို့ စိတ်ချရလောက်ပြီထင်မှ စက်လှေထွက်ခွာတာပါ၊ စက်လှေမှောက်ပြီးသွားတော့လည်း နာရီဝက်ခန့်ကြာ အလားတူ ပစ်ခတ်နေပါသေးတယ်”ဟု မြို့လှ PDFမှ တဦးကပြောသည်။
စစ်ကောင်စီစက်လှေနှစ်စီးကို H-22 mm လက်လုပ်ရှေ့ထွက်မိုင်း ၅ လုံး၊ ရေမြုပ်မိုင်း ၁ လုံးဖြင့် မြို့လှPDFမှပစ်ခတ်ဖောက်ခွဲခဲ့သည်ဖြစ်ကြောင်းလည်း ဆိုသည်။
ဧပြီလ ၃ ရက်နေ့ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် စစ်ကောင်စီရိက္ခာတင် စက်လှေ လေးစီး ပစ်ခတ်ခံခဲ့ရပြီး စက်လှေတစီး နစ်မြုပ်ခဲ့သည်။