ရှမ်းမြောက် မုံးကိုးက စစ်ရှောင်များ အကူအညီ လိုအပ်နေ
7 April 2022-Kachinwaves
တိုက်ပွဲကြောင့် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မုံးကိုးနှင့်ဖောင်ဆိုင်းကျေးရွာများမှ စစ်ရှောင်များ နေရာထိုင်ခင်းနှင့် အစားအစာ အခက်အခဲများရှိနေကြောင်း စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အစားသောက်တွေ ခက်ခဲလာတဲ့အပိုင်းတွေရှိတယ်။ နေရာထိုင်ခင်းက အရမ်းအဆင်ပြေတယ် မဟုတ်ဘူး၊ တစ်ချို့တွေက အထပ်သားဝယ်နိုင်တဲ့သူတွေက ဝယ်တယ်၊ မဝယ်နိုင်တဲ့သူတွေက ကတ်ထူပြားခင်းပြီးအိပ်တယ်။ ကုတင်ကတော့ ကျွန်တော်တို့ ခက်ခဲတဲ့အတွက် မလုပ်ပေးနိုင်ဘူးပေါ့”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနောက်ပိုင်းရောက်လာသည့် စစ်ရှောင်ပြည်သူ ၆၀၀ ခန့်ကို နေရာထိုင်ခင်းမရှိတော့သည့်အတွက်ကြောင့် လက်မခံထားနိုင်တော့ကြောင်းလည်း ပြောသည်။
“မနေ့က ကျွန်တော်တို့သွားကြည့်တော့ တော်တော်ခက်ခဲနေကြတယ်။ ဟော်ခန်းတစ်ခုမှာ ကလေးတွေရော လူပျိုတွေရော အသက်ကြီးတဲ့သူတွေရော အကုန်ရော၊ အကုန်ပြုံပြီး နေနေကြရတယ်။ တချို့ဆိုရင် တမံတလင်းပေါ်မှာ ကတ်ထူးပဲခင်းပြီးအိပ်နေရတာ။ Shelter တွေ အစားအသောက်တွေ ဆေးဝါးတွေ အကူအညီအများကြီးလိုနေကြတာ”ဟု ၎င်းစစ်ရှောင်စခန်းသို့ သွားရောက်ခဲ့သူတစ်ဦးကပြောသည်။
မုံးကိုးမြို့နယ်ရှိ ဘုရားကျောင်းဝင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ၎င်းတို့ပြုလုပ်ထားပေးသည့်နေရာ (၁၁)နေရာမှာ စစ်ရှောင်ပြည်သူ ၇၀၀ ကျော် ခိုလှုံနေကြကြောင်း သိရသည်။
မုံးကိုးနှင့် ဖောင်းဆိုင်မှ ပြည်သူများသည် တိုက်ပွဲများကြောင့် စစ်ရှောင်လာခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ စစ်ရှောင်ပြည်သူများအတွက် အထောက်အပံ့အကူအညီရရှိမှု နည်းလာကြောင်း သိရသည်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့မှစပြီး စစ်ရှောင်လာကြပြီး ယခုဆိုလျှင် ၈ လခန့်ရှိလာပြီ ဖြစ်သည်။