မိုးညှင်းမှာ အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ
5 April 2022-Kachinwaves
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မြိုင်ကျေးရွာမှ အမျိုးသမီးတစ်ဦး ဧပြီလ ၄ရက်နေ့ မွန်းတည့် ၁၂နာရီခန့်တွင် တောထဲ ဟင်းရှာသွားချိန် မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်လုံးနှင့် တင်ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ရွာနှင့် သုံးမိုင်ကျော်ခန့်ဝေးသည့် နေရာတွင် ဟင်းရှာသွားချိန် မြေမြုပ်မိုင်းနင်းမိပြီး ဒူးခေါင်း၊ ခြေတစ်လုံးနှင့် တင်ပါးတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“တောင်စပ်နားမှာ ဟင်းရှာသွားချိန် မိုင်းနင်းမိတာပေါ့ သူ့အခြေအနေက ဓာတ်မှန်ရိုက်ကြည့်တော့ မိုင်းအစအနကျန်သေးတယ်လို့ ပြောတယ်။ မနက်ဖြန်မှ ခွဲမယ်”ဟု ပြောသည်။
မိုင်းနင်းမိသည့်အမျိုးသမီးသည် မနှင်းနွယ်၊ အသက် ၃၄နှစ်ဖြစ်ပြီး မိုးညှင်းမြို့ ညောင်ကုန်းအုပ်စု၊ မြိုင်ကျေးရွာမှဖြစ်ကြောင်း သိရသည်။
မတ်လ ၂၄ရက်နေ့တွင်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ အနောက်ဘက်ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားကြီးတွင်းကျေးရွာသို့ ကျရောက်ခဲ့ပြီး မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။