ဖားကန့်မှာ Mytel အင်တာနက်လိုင်း ပြန်ဖွင့်ပေးနေ
5 April 2022-Kachinwaves
ဖားကန့်မြို့တွင် Mytel အင်တာနက်လိုင်းကို ဧပြီလ ၄ရက်နေ့ညနေပိုင်းတွင် တနာရီခန့်ဖွင့်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းမှစပြီး လိုင်းပြန်ဖွင့်ပေးထားကြောင်း ဒေသခံတဦးက ပြောသည်။
“ဒီမနက်ကနေ အခုအချိန်ထိ Mytel အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးထားတယ်။ ဘယ်အချိန် ပြန်ပိတ်ပေးမလဲတော့ မသိသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
Mytel အင်တာနက်လိုင်း ဖွင့်ပေးထားသော်လည်း တစ်ချို့နေရာများတွင်သာရပြီး တစ်ချို့နေရာများတွင် မရကြောင်းနှင့် လိုင်းသုံးသော်လည်း ကောင်းကောင်းသုံးလို့ မရကြောင်း သိရသည်။
ဇန်နဝါရီလ ၁၀ရက်နေ့တွင်လည်း ယခုလို အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးပြီး ဒေသခံများ ဖုန်းဆင်းကဒ်နှင့် ဖုန်းဘလ်များ ၀ယ်ထည့်ခဲ့ကြရာ အင်တာနက်လိုင်းပြန်ပိတ်ပေးခဲ့သည်ဟု ဆိုသည်။
ဖားကန့်မြို့တွင် Mytel ဖုန်းကဒ်သုံးစွဲသူ လူဦးရေ အနည်းငယ်သာရှိကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
ဖားကန်မြို့တွင် အင်တာနက်လိုင်း သုံးစွဲရန် အင်တာနက်ဆိုင်တွင် တစ်နာရီတစ်သောင်းပေးပြီး သုံးစွဲနေရသည်ဟု သိရသည်။ ဖားကန့်မြို့တွင် စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားရာ ယခုဆိုလျှင် ၈လနီးပါးရှိနေပြီဖြစ်ပြီး MYTELတိုင် ၅ခုလည်း ဗုံးခွဲ ဖျက်ဆီးခံခဲ့ရသည်။