6 April 2022-Kachinwaves
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆို့မြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ထုတ်ပြန်ထားသည်။
ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ကျေးရွာအတွင်းရှိ နေအိမ်များကို ဧပြီလ (၅) ရက်နေ့တွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးခဲ့ပြီး ငွေတောင်ရွာသစ် ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဧပြီလ ၄ ရက်နေ့နှင့် ၃ရက်နေ့တွင် ဒီးမော့ဆို့မြို့နယ်၊ ထီးပိုးကလိုး ကျေးရွာအုပ်စု၊ ထီးသဲကလိုး၊ ဒေါ်လျားခူကျေးရွာနှင့် ဒေါစဲကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ဒီးမော့ဆို့မြို့နယ် ထူလွီးဘီလာနှင့် ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်နေသည်ဟု ဆိုသည်။
လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ၁၁ တွင်လည်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းပေါက်ကွဲပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရရခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်ပျက်စီးခဲ့သည့် ကျေးရွာများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသောကျေးရွာများဖြစ်ပြီး စစ်ကောင်စီမှ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း KNDF မှ ရေးသားထားသည်။
Photo. KNDF