တိုင်းရင်းသားနိုင်ငံရေးပါတီများကို ရေတိမ်နစ်စေမည့် အချိုးကျကိုယ်စားပြုမှု (PR) စနစ်
ဆောင်းပါး။ 1 April 2022 – Kachinwaves
ရွေးကောက်ပွဲသည် စစ်ကောင်စီ ဆက်လက် ရပ်တည်နိုင်ရေးအတွက် နိုင်ငံရေးအသက်ကယ်ဆေးဖြစ်သည်။ ထို့အပြင် စစ်အာဏာရှင် တည်မြဲနေရေးအတွက်လည်း မဖြစ်မနေပြုလုပ်ရမည့် လိုအပ်ချက် ဖြစ်နေသည်။ ထို့သို့ စစ်ကောင်စီ၏ သေရေးရှင်ရေးတမျှ အရေးကြီးနေသည့် ကိစ္စဖြစ်ကာ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ မိန့်ခွန်း၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပနိုင်ရန်နှင့် တိုင်းရင်းသားများအားလုံး အချိုးကျကိုယ်စားပြုပါဝင်နိုင်သော ရွေးကောက်ပွဲစနစ်ဖြင့် ကျင်းပနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည်ဟု ထပ်မံပြောကြားလာခြင်း ဖြစ်ပါသည်။ မည်သည့်အကြောင်းကြောင့် စစ်တပ်သည် အချိုးကျကိုယ်စားပြုမှု ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးစားလာရသနည်း။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာများတွင် (၂၅)ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်သားများကို ဖယ်ရှားပစ်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်း၌ ပြည်သူများ မစွမ်းသာခဲ့ပေ။ သို့သော် လွှတ်တော်များတွင် စစ်တပ်လိုလားသော နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ အင်အားချိနှဲ့သွားအောင်တော့ ရွေးကောက်ပွဲမှတဆင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။ စစ်တပ်ကျောထောက်နောက်ခံရှိသော နိုင်ငံရေးပါတီများ (သို့) စစ်တပ်လိုလားသည့် နိုင်ငံရေးပါတီများ လွှတ်တော်တွင် အားနည်းသွားသောအခါ တပ်မတော်သား ကိုယ်စားလှယ်များသည် အကြောင်းကိစ္စ တော်တော်များများ၌ ရှေ့ထွက်ပြီး လွှတ်တော်လူကြမ်းကြီးများ ဖြစ်ခဲ့ရသည်။ ရွေးကောက်ပွဲမှတဆင့် တက်လာသော အစိုးရကို နောက်ကွယ်မှ ကြိုးကိုင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သည့် စစ်တပ်သည် မမျှော်လင့်ဘဲ ပြည်သူလူထုရှေ့မှာ လွှတ်တော်လူကြမ်းမင်းသား ဖြစ်လာခဲ့ရသည်။
ထိုသို့မျှော်လင့် မထားသည့် အခင်းအကျင်းများကို ရှောင်ရှားနိုင်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ၎င်းတို့တရားဝင်ရရှိထားသည့် ထိုင်ခုံနေရာများကို လှုပ်ခတ်စေသော ပါတီကြီးတစ်ခုခုက လွှတ်တော်တွင် စိုးမိုးနိုင်ခြင်း မရှိအောင် ကြံဆလာပုံရသည်။ သို့ဖြစ်၍ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် အကြောင်းပြ ပြောဆိုသည့်အခါ တစ်ပါတီကြီးစိုးရေးကို ကာကွယ်ရန် တိုင်းရင်းသားပြည်သူလူထု၏ ကိုယ်စားပြုမှု တိုးတက်လာစေရန်ဟု အသံကောင်းဟစ်ပြီး အကြောင်းပြနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အချိုးကျကိုယ်စားပြုမှု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးခြင်းအားဖြင့် တစ်ပါတီချည်းပဲ လွမ်းမိုးခြင်း မဖြစ်တော့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စစ်တပ်၏ ဩဇာလွမ်းမိုးခြင်းခံရသည့် လွှတ်တော်နှင့် အစိုးရ ဖြစ်လာနိုင်သည်။
အဆိုပါ ရွေးကောက်ပွဲစနစ်ကြောင့် (၂၅)ရာခိုင်နှုန်းရှိသော တပ်မတော်သား ကိုယ်စားလှယ်များနှင့် စစ်တပ်နှင့် နီးစပ်သော ပါတီကြီး၊ ပါတီငယ်များသည် အင်အားပေါင်းစည်းကာ သမ္မတများကို တင်မြှောက်လာနိုင်သည်။ အစိုးရ မဖွဲ့နိုင်သည့်တိုင်အောင် အတိုက်အခံနေရာတွင် တပ်မတော်သားများ အလွန်အကျွံ ရှေ့ထွက်နေရခြင်းကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း စစ်ဘောင်ကျယ်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းခံ စစ်အာဏာရှင်စနစ်ပင် ဖြစ်လာနိုင်မည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေဘောင်အတွင်း အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးခြင်းသည် စစ်ဘောင်ပိုကျယ်လာနိုင်ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းက DVB debate မှာ ဆွေးနွေးခဲ့ဖူးပါသည်။
“အချိုးကျကိုယ်စားပြုမှုစနစ်ကို လက်ရှိဖွဲ့စည်းပုံနဲ့ လက်ရှိအခြေအနေထဲမှာ ကျနော်တို့က ကျင့်သုံးလိုက်မယ်ဆိုရင် စစ်နိုင်ငံရေးဘောင်ချဲ့ရာရောက်သွားမလား၊ လျော့ရာရောက်သွားမလား။ ကျနော့်အမြင်အရဆိုရင်တော့ အဲသလိုကိုယ်စားပြုမှုစနစ်ကို သွားမယ်ဆိုလို့ရှိရင် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးမှာ ပိုပြီးအရေးပါလာမယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ဟာကို ရောက်သွားမယ်။ ဒါမှမဟုတ် စစ်ဘောင်ကိုချဲ့တယ်။ ဒါက မြန်မာနိုင်ငံအကူးအပြောင်းအတွက် မကောင်းဘူးလို့ ကျနော်ထင်တယ်။”ဟု ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သည့် DVB debate မှာ ဒေါက်တာတင်မောင်သန်းက ပြောခဲ့ပါသည်။
တစ်နည်းအားဖြင့် စဉ်းစားကြည့်လျှင် ပြည်သူလူထုသည် ၎င်းတို့လိုလားသည့် ပါတီကြီးတစ်ခုခု တောင်ပြိုကမ်းပြို အနိုင်ရရှိအောင်မဲပေးရခြင်းသည် ဒီမိုကရေစီအခွင့်အရေးကို ကျင့်သုံးပြီး စစ်ဘောင်ကျုံ့သွားအောင် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ဒီမိုကရေစီဘောင်အတွင်း၌ စစ်အာဏာရှင်ကို တော်လှန် မဲပေးနေခြင်း ဖြစ်သည်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ခိုင်မာသွားလျှင် အနိုင်ရသူအကုန်ယူ (FPTP) စနစ်ကို ကျင့်သုံးသော်ငြားလည်း တစ်ပါတီကပဲ တောင်ပြိုကမ်းပြို နိုင်နေလိမ့်မည်ဟု ပုံသေတွက်ချက်ထား၍ မရနိုင်ပေ။
အချိုးကျကိုယ်စားပြုစနစ်ကြောင့် တိုင်းရင်းသားပါတီများ ယခင်ကထက် လွှတ်တော်တွင် နေရာပိုမိုရရှိလာမည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် စစ်တပ်သဘောမကျလျှင် ဘာမှ မစွမ်းဆောင်နိုင်သည့် လွှတ်တော်တွင် တိုင်းရင်းသားတန်းတူရေး၊ ဖက်ဒရယ်အရေးများအတွက် ထူးထူးရှားရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရေမြွေအဖြစ်သာ လွှတ်တော်များမှာ ထိုင်နေရမည် ဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံမှာ ဖက်ဒရယ်အနစ်သာရ ကင်းမဲ့နေသည့်အတွက် တိုင်းရင်းသားပါတီများသည် ပြည်ထောင်စုအစိုးရဖွဲ့နိုင်သော ပါတီနှင့် ပုလဲနံပမသင့်လျှင် လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေများလာသော်လည်း ပြည်နယ်အကျိုးအတွက် ထင်သာမြင်သာဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ပြီးခဲ့သည့် လွှတ်တော်သက်တမ်းများကို ပြန်ပြောင်းကြည့်လျှင် ရခိုင်ပြည်နယ်သည် ထင်ရှားသည့် ဥပမာကောင်းတစ်ခု ဖြစ်မည်ထင်ပါသည်။
အချိုးကျကိုယ်စားပြုမှု ရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားပါတီများ၏ ကိုယ်စားပြုမှု တိုးတက်လာမည်ဟုလည်း ကံသေကံမ တွက်ချက်ထား၍ မရနိုင်သေးပေ။ အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လာမည့် နိုင်ငံရေးပါတီကြီးများသည် တစ်ခုနှစ်ခုထက်မက ရှိလာနိုင်သည်။ ထို့အပြင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများနှင့် ဝန်ထမ်းများသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ သတ်မှတ်ထားသည့် အချိန်ကာလပြည့်မီလျှင် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်များတွင် ဒေသခံတိုင်းရင်းသားများနည်းတူ မဲပေးပိုင်ခွင့် ရှိနေခြင်းတို့သည် တိုင်းရင်းသားပါတီများအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်သေးသည်။ ထိုမျှမက မြန်မာနိုင်ငံ၏ လူဦးရေစရင်းဇယား တိကျမှန်ကန်မှုကို အပြည့်အဝယုံကြည်စိတ်ချ၍ မရသေးသည့်အပြင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်နယ်များတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များလည်း ရှိလာနိုင်သည်။
အချိုးကျကိုယ်စားပြုမှု စနစ်ကို ထောက်ခံသူများသည် တစ်ပါတီကြီးစိုးရေးကို ထိမ်းညှိကာကွယ်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများနှင့် လူနည်းစုများ၏ ကိုယ်စားပြုမှုကို တိုးတက်လာစေရန်ဟု လူပြောများနေပါသည်။ တိုင်းရင်းသားပြည်သူများ အမှန်တကယ်လိုလားနေသည်မှာ တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ဖြစ်သည်။ သို့သော် တပ်မတော်နေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်း၌ ပြောကြားခဲ့သော သမိုင်းဆိုင်ရာနားလည်မှုများသည် တိုင်းရင်းသားများ၏ နားလည်လက်ခံမှုများနှင့် ဆန့်ကျင်နေသည်ကို တွေ့ရပါသည်။
ညောင်ရမ်းခေတ် သာလွန်မင်းလက်ထက်ကတည်းက အရပ်ရပ်အုပ်ချုပ်ရေးအမိန့်တော်တမ်းများနှင့် ရာထူးအလျောက်စီရင်ပိုင်ခွင့်အာဏာများ ထုတ်ပြန်တာဝန်ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီဥက္ကဌက မိန့်ခွန်းမှာ ပြောကြားခဲ့သည်။
ထို့အပြင် “ဘုရင်က တစ်နိုင်ငံလုံးကို လွမ်းခြုံပြီး စနစ်တကျ အုပ်ချုပ်တဲ့ စနစ်ကိုကျင့်သုံးခဲ့တယ်။ လွတ်လပ်ရေးဆုံးရှုံးပြီးတဲ့နောက်ပိုင်း တို့နိုင်ငံဟာ ကိုလိုနီစနစ်အောက်မှာ တောင်တန်းဒေသနဲ့ ပြည်မကို ခွဲအုပ်ချုပ်ရေးနှစ်ခု ခွဲခြားအုပ်ချုပ်ခံခဲ့ရတယ်။”ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားပါသည်။
ပြည်ထောင်စုနိုင်ငံ၏ သမိုင်းဆိုင်ရာအယူအဆ ကွဲပြားခြားနားနေခြင်းကလည်း တိုင်းရင်းသားများလိုလားသော တန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် ညှိနှိုင်းရခက်စေသည့် အချက်ပြင် ဖြစ်သည်။
တိုင်းရင်းသားများက ၁၉၄၇ ပင်လုံစာချုပ်ကိုအခြေခံပြီး ဗမာပြည်နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခုကို အတူတကွထူထောင်ကြသည်ဟု သတ်မှတ် လက်ခံထားကြောင်း KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမှူးက Yangon School of Political Science ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၀ ဒီဇင်ဘာလတွင် ပေးသည့် Special Talk ၌ ပြောကြားခဲ့ပါသည်။
“ဒီနိုင်ငံက သမိုင်းဆိုင်ရာ အထောက်အထားအပေါ်မှာ မှတ်ယူထားတဲ့ အခြေခံခြင်း မတူညီတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ နိုင်ငံရေးဆိုင်ရာ စဉ်းစားတွေးခေါ်မှု၊ ကျနော်တို့ရဲ့ နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုနဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေက အဲကနေဆင်းတက်လာတယ်။ အဲအတွက်ကြောင့်မို့လို့ ဒီနိုင်ငံကို ကျနော်တို့ တည်ဆောက်တဲ့နေရာမှာ သမိုင်းဆိုင်ရာ ထောက်ထားမှုအပေါ်ကိုဘဲ အခြေခံပြီးတော့ ကျနော်တို့ ငြင်းနေမယ်ဆိုရင် ကျနော်တို့ ဘယ်ကိုမှ ရောက်နိုင်မှာ မဟုတ်ဘူး။”ဟု ပဒိုတာဒိုမှူးက ပြောကြားခဲ့သည်။
လက်ရှိအာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလူမျိုးများနှင့် သမိုင်းအထောက်အထားပေါ်မှာသာ ကွဲလွဲနေခြင်း မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာအမြင်တွင်လည်း ကွဲလွဲနေသည်။ သို့ဖြစ်၍ နိုင်ငံရေးတည်ငြိမ်မှုမရှိသလို ဗဟိုချုပ်ကိုင်မှုနှင့် အာဏာရှင်အကျင့်စရိုက်များအောက်တွင် အချိုးကျကိုယ်စားပြုမှု စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပခြင်းသည် တိုင်းရင်းသားလူမျိုးများ၏အကျိုး တိုးတက်ဖြစ်ထွန်းစရာ အကြောင်းမရှိနိုင်ပေ။ ထို့ကြောင့် အချိုးကျကိုယ်စားပြုမှုစနစ်ကျင့်သုံးလိုသည့် ရည်ရွယ်ချက်သည် စစ်တပ်၏ ဩဇာအာဏာလက်တံ ဘောင်ချဲ့ယူရန်ဖြစ်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများကို ရေတိမ်နစ်စေမည့်သဘော ဆောင်နေပါသည်။