မြစ်ကြီးနားမြို့တွင် သေနတ်ထောက်ပြီး ကားလုယက်ခံရ
28 March 2022 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျပန်လမ်း နွားသတ်ရုံ အနီးတွင် မတ်လ ၂၇ရက်နေ့ ည ၇နာရီခန့်တွင် လူငယ် သုံးဦးမှ ကားတစ်စီး လုယက်ခဲ့ကြောင်း သိရသည်။
ထိုလူငယ်သုံးဦးမှ ကားပိုင်ရှင်ကို သေနတ်ထောက်ကာ စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားကိုရပ်ခိုင်းပြီး လုယက်သွားကြောင်း ကားလုယက်ခံရသူက ပြောသည်။
“ကျွန်တော်က ဆင်းပေးလိုက်တာ ဆင်းပေးတာနဲ့ တစ်ယောက်က ကားပေါ်ချက်ချင်း တက်လိုက်တော့ ရှာစရာရှိတယ်လို့ဆိုပြီး ကျွန်တော်က မဟုတ်တော့ဘူးဆိုတာ သိတယ်၊ သူတို့က သေနတ်နဲ့ ချိန်ထားတော့ မလှုပ်နဲ့ လှုပ်ရင် ပစ်မယ်ဆိုပြီး ကားကို စက်နိုးပြီး မောင်းသွားကြတာ”ဟု ကားလုယက်ခံရသူက ပြောသည်။
လုယက်ခံရသည့်ကားမှာ ဟွန်တာဖစ် ge-6 အမျိုးအစား၊ နံပါတ်က YGN 5M-6911ဖြစ်ပြီး ကားအမိုး မှန်အနက်ရောင် ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၄ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သံတိုသံစနှင့် ဘီယာ ပုလင်းခွံဝယ်သည့် အမျိုးသမီးကို လုယက်သူတစ်စုမှ ၎င်းတို့တောင်းသည်ကို မပေးသည့်အတွက် ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးသွားရသည်။
မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓားမြတိုက်မှု၊ ခိုးမှုနှင့် ဓားထိုးမှုများ ပိုမို ဖြစ်ပွားနေသည်။