ဗန်းမော်မြို့တွင် ပေါက်ကွဲမှု ၃ကြိမ်ဖြစ်၊ စစ်ကောင်စီရဲများအပြင် အရပ်သား ထိခိုက်မှုရှိ
28 March 2022 -Kachinwaves
ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်း ညောင်ပင်ရပ်ရပ်ကွက်တွင် ယနေ့နံနက် မိုင်း ၃ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီရဲတစ်ဦးနှင့်အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အရပ်သားများဖြစ်ကြသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားစစ်ကောင်စီရဲတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံတစ်ဦးကဆိုသည်။
ညောင်ပင်ရပ် ရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း၌ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီစစ်ကားဖြတ်လာသည့်အချိန် ချိန်ကိုက်ဗုံး ပေါက်ကွဲစဥ် သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး ဆုံးတယ်၊ တစ်ယောက်က အရိုးဆောင်မှာ ဆေးရုံတင်ထားရပြီး ဘယ်ဘက်လက်မောင်းနဲ့ ပေါင်တစ်ခြမ်း ထိသွားတယ်၊ ယောကျာ်းလေး နှစ်ယောက်ကိုတော့ မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် အမျိုးသမီးမှာ အသက် ၃၅နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့ ညောင်ပင်ရပ် ရပ်ကွက် ဟန်းတဲဧည့်ရိပ်သာတွင် နံနက် ၈နာရီခန့်တွင်တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး မြို့လယ်ခေါင်ရှိ နာရီစင်အနီး၌ နံနက် ၁၀ ခန့်တွင်တစ်ကြိမ်၊ ၁၀ နာရီကျော်အချိန်တွင် သူနာပြုသင်တန်းကျောင်း၌တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း ဗန်းမော်မြို့ စစ်ကောင်စီ စည်ပင်သာယာရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။