KNC ပါတီဥက္ကဌ ဒေါက်တာ M ကောန်လ ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ
23 March 2022 – Kachinwaves
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှ ပုဒ်မ ၅၀၅ (က)ဖြင့် ယနေ့ ထောင်ဒဏ် ( ၂ )နှစ်ချမှတ်လိုက်ကြောင်းသိရသည်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဌ၏ အမှုကိုအယူခံမည်မဟုတ်သလို အသနားခံစာလည်း တင်မည်မဟုတ်ကြောင်း ၎င်းဥက္ကဌကိုယ်တိုင်လည်း လက်မခံကြောင်း KNC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကွင်းလုံးကျွတ်မှ မဟုတ်ရင် ကျွန်တော်တို့ မလိုလားဘူး၊ ကျွန်တော်တို့ ဥက္ကဌလည်း အဲ့လိုပဲပြောတယ်၊ အယူခံတွေ အသနားခံစာတွင် တင်မှာ မဟုတ်ဘူး”ဟု KNCမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC)မှ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို ပြီးခဲ့သည့် ၂၀၂၁ ဩဂုတ်လ ၂၅ရက်နေ့တွင်နေပြည်တော် သပြေကုန်းရှိ သူ၏ဆေးခန်းတွင် စစ်ကောင်စီတပ်များမှ ဖမ်းဆီးခဲ့သည်။
KNC ဥက္ကဌ ဒေါက်တာအမ်ကောန်လသည် သဘာဝပတ်ဝန်းကျင်အရေး၊ တရုတ်ရင်းနှီးမြုပ်နှံမှု၊ ကျောက်မျက်ဥပဒေ အရရေးများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF)ကို ဦးဆောင်တည်ထောင်ခဲ့သူ ဖြစ်သည်။
၎င်းသည် နိုင်ငံရေးပါတီများအား စစ်ကောင်စီက ဖိတ်ကြားသည့်အခါတွင်လည်း တက်ရောက်ရန် ငြင်းဆန်ခဲ့သော ကချင်နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။