တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပူတာအိုမှ ပြည်သူများ နေရပ်ပြန်
23 March 2022 – Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပြည်သူများ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် (၂)လနီးပါး တောထဲထွက်ပြေးတိမ်းရှောင်နေရာမှ ယနေ့နံနက်တွင် ပြည်သူ(၃၂၁)ဦး နေရပ်သို့ ပြန်လာနေပြီ ဖြစ်ကြောင်း သိရသည်။
တောထဲတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေရပ်ပြန်နိုင်ရေးအတွက် ကချင် ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့ (PCG)၊ မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များ ကောင်စီအဖွဲ့ (MCC)နှင့် ကချင် အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR)တို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း PCG မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စားဝတ်နေရေးကအစ ကျန်းမာရေးအဆုံး အမျိုးမျိုးဒုက္ခရောက်နေတယ်ပေါ့လေ ကြားသိရတဲ့အခါကြတော့ ကျွန်တော်တို့ PCGက မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ခရစ်ယာန်ကောင်စီအဖွဲ့တွေ အားလုံးပူးပေါင်းပြီးတော့မှ ကျွန်တော်တို့အဖွဲ့ပြန်ဖွဲ့တယ်။ သက်ဆိုင်ရာအစိုးရဌာနအားလုံး တပ်မတော်အားလုံးတို့ကို စာနဲ့တင်ပြပြီးတော့မှ တိမ်းရှောင်နေတဲ့ပြည်သူတွေကို ကိုယ့်ရပ်ရွာကို ပြန်နိုင်အောင် ကျွန်တောတို့ သွားရောက်ပြီးမှ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ တင်ပြချက်အပေါ်မှာ အစိုးရဘက်ကရော တပ်မတော်ဘက်ကရော သက်ဆိုင်ရာဘက်က သဘောတူညီချက်အရ တောထဲတိမ်းရှောင်နေတဲ့ ပြည်သူအချို့ကို သွားရောက်ပြီးတော့ ပြန်ခိုင်းတယ်”ဟု ပြောသည်။
ပူတာအိုမြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ပြည်သူများကိုလည်း နေရပ်ပြန်နိုင်ရေး သဘောတူညီချက်ဖြင့် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာ၊ ဆွမ်ပီယာန်ကျေးရွာနှင့် အင်စီယာန်ကျေးရွာများမှ ပြည်သူများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်သူများရှိသကဲ့သို့ ပူတာမြို့၊ မြစ်ကြီးနားမြို့များသို့ ထွက်ပြး ခိုလှုံသွားသူများလည်း ရှိသည်။
မိမိကျေးရွာနေရပ်သို့ ပြန်လာရသော်လည်း တိမ်းရှောင်လာသည့် ပြည်သူအချို့မှာ တိုက်ပွဲများပြန်ဖြစ်လာနိုင်မည်ကို စိုးရိမ်သည့်အတွက် ပြန်လာနေရန် အခက်တွေ့နေကြောင်း မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံနေသည့် ပြည်သူတစ်ဦးက ပြောသည်။
“ကောင်းကောင်းပြန်နေလို့ရရင် ပြန်နေမယ်လို့ ပြောကြတယ်။ တစ်ချို့က ပြန်မယ်လို့ ပြောတယ်၊ ဒါပေမဲ့ တစ်ချို့က ကြောက်နေသေးတဲ့အတွက် ပြန်မယ်မပြန်ဘူးဆိုတာ စဉ်းစားရခက်နေကြတယ်”ဟု မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံလာသူတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးသွားသည့် ကျေးရွာများမှ နေအိမ်သုံးအိမ် မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူများ၏ ပစ္စည်းဥစ္စာများလည်း ပျောက်ဆုံးပျက်စီးမှုများ ရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့်အတွက် ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ကျေးရွာနှင့် လုံရှာယာန်ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။