စစ်ကောင်စီစစ်ကြောင်း မော်လူးမှာ တိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီစစ်သား ၂၀ ခန့်ဒဏ်ရာရ
5 March 2022-Kachinwaves
ကချင်ပြည်နယ်ဘက် တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယနေ့နံနက် ၅နာရီခန့်တွင် ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့ စစ်ကိုင်းတိုင်း မော်လူးမှာကြား ဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ယာဥ်တစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းမှာ စစ်ကားအစီး၂၀ လောက်ပါသည့် စစ်ကြောင်းဖြစ်ကြောင်းလည်း သိရသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ် မိုးညှင်းခရိုင် မော်ဟန်ဒေသသို့ပြန်တက်လာသည့်အတွက် ကေအိုင်အေမှ ခုခံတိုက်ခိုက်ရာ လက်ရှိအချိန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့က အခုပြန်တက်လာတယ်။ ကချင်ပြည်နယ်ထဲ ဝင်လာပြီး မော်ဟန်အနီးမှာ တိုက်ပွဲပြင်းထန် နေတယ်။ သူတို့ပြန်တက်လာတဲ့အတွက် ကေအိုင်အေတွေ တိုက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မတ်လ ၃ရက်နေ့တွင်လည်း မော်လူးမော်ဟန်သို့ တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။