ပူတာအိုက စစ်ဘေးဒုက္ခသည်များ အကူအညီ လိုအပ်နေ
2 March 2022-Kachinwaves
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာ၊ လုံရှာယန်ကျေးရွာနှင့် အင်စီယာန်ကျေးရွာတို့မှ ပြည်သူများ တိုက်ပွဲကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစားနှံ့ရိက္ခာနှင့် ခိုလှုံရန်အမိုးအကာနေရာထိုင်ခင်း အခက်အခဲဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများသည် နေစရာတဲဆောက်ရာတွင် မိုးကာမလုံလောက်သည့်အတွက် ဌက်ပျောဖက်များဖြင့် တဲဆောက်လုပ်ထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မိုးကာမလောက်တဲ့အတွက် တစ်ဝက်ကို မိုးကာအုပ် တစ်ဝက်ကိုတော့ ဌက်ပျောဖက်တွေနဲ့ အုပ်ပြီးနေတယ်။ မိုးကာနဲ့အုပ်ထားတဲ့ တဲက သုံးလေးခုပဲရှိတယ်။ တဲ ၄၈ခုရှိတဲ့ထဲကပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။
ဈေးဆိုင်ရောင်းသူများလည်း ပူတာအိုမြို့၊ မြစ်ကြီးနားမြို့သို့ စစ်ရှောင်သွားကြသည့်အတွက် အစားအစာအသုံးအဆောင်များ၊ ဆေးဝါးများ ဝယ်ယူရန်လည်း အခက်ခဲရှိနေကြောင်းနှင့် အထောက်အပံ့လည်း မရရှိသေးကြောင်း သိရသည်။
“အထောက်အပံ့က အခုအချိန်အရမ်းကြီးတော့ မရောက်သေးဘူး။ ဓာတ်မီးတစ်လက်စီပေးတာရှိတယ်။ ဆွေမျိုးသူဌေးတွေပေးတာပေါ့။ အထာက်အပံ့ပေးတဲ့အဖွဲ့အစည်းတွေ မရှိသေးဘူး”ဟု ဒေသခံတစ်ဦး ပြောသည်။
ပူတာအိုမြို့နယ် အင်စီယာန်ကျေးရွာအနီး ရှိန်ဂတ်ဘွမ်ရှိ စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတပ်တို့ ယမန်နေ့ကအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်လည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ မှစ၍ တိုက်ပွဲပြင်းထန် လာခဲ့ပြီး ပူတာအိုမြို့နယ် ဆွမ်ပီယာန်၊ လုံရှာယာန်၊ အင်စီယာန်စသည့် ကျေးရွာများက ပြည်သူ ၆၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြပြီး တစ်ချို့မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့ပေါ်သို့ တိမ်းရှောင်ကြသလို တစ်ချို့က တောတောင်များတွင် တိမ်းရှောင်နေကြသည်။