ဖားကန့်မြေပြိုမှု ဒီနေ့ထိ အလောင်း ၁၇ လောင်းတွေ့ပြီလို့ ဒေသခံတွေဆို
2 March 2022-Kachinwaves
ဖားကန့်မြို့နယ် မက်လင်ဂျောင်ကျေးရွာက YTTကုန်း ၁၁၁ ကုမ္ပဏီလုပ်ကွက်တွင် ဖေဖော်ဝါရီ ၂၈ နေ့ညက မြေပြိုမှုဖြစ်ပွားခဲ့ရာ ဒီနေ့ထိ အလောင်း ၁၇ လောင်းတွေ့ရှိထားပြီဖြစ်ကြောင်း သေဆုံးသူများကို သရဏဂုံတင်ပေးသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
အဆိုပါ YTT ကုန်းသည် လွန်ခဲ့သည့်အချိန်က ကမ္ဘာကျော်ကျောက်စိမ်း တန်ဖိုးအမြင့်ဆုံးကျောက်များ ထွက်ရှိခဲ့သော လုပ်ကွက်ံလည်း ဖြစ်သည်။
ပေ ၃၀၀ ခန့်မြင့်သော လုပ်ကွက်အတွင်းက မြေစာပုံပြိုကျလာသဖြင့် ကုမ္ပဏီဝန်ထမ်းအယောက် ၄၀ ကျော်ပျောက်ဆုံးနေပြီး ဘက်ဖိုး ၄စီးလည်း မြေပြိုသည့်အထဲပါသွားသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယမန်နေ့ မတ်လ ၁ ရက်နေ့ ညနေပိုင်း ၂နာရီကနေ ၎င်းနေရာကို ကန့်သတ်မြေ အဖြစ် တားမြစ်ထားပြီး အသွားအလာ လူအဝင်အထွက်အားလုံးကို ကန့်သတ်ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ပျောက်ဆုံးနေသောအလောင်းများကို ကုမ္ပဏီကသာ ညအချိန်ရှာဖွေနေပြီး လူမှုကူညီရေးအဖွဲ့များကို အလောင်းများရှာဖို့ရန် ကုမ္ပဏီဝင်းထဲ ဝင်ခွင့်မပေးကြောင်း လူမှုကူညီရေးအဖွဲ့များက ဆိုသည်။
သေဆုံးသူများ၏ မိသားစုများလည်း လာစောင့်နေကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ရှာဖွေတွေ့သည့်အလောင်းများကို မက်လင်ဂျောင်သင်္ချိုင်း၌ မြေမြုပ်သင်္ဂျိုလ်ကြကြောင်းလည်း ဒေသခံများက ပြောသည်။
ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်များတွင် ၂၀၂၁ ဒီဇင်ဘာလ ကုန်ပိုင်း၌လည်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၈၀ ကျော်သေဆုံးခဲ့သည်။ ၂၀၂၀ ခုနှစ် မေလ ၂၃ ရက် နေ့၌လည်း ဖားကန့် ဝှေခါမှော်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ရာကျော် သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖားကန့်မြို့နယ်တွင် တရားမဝင်ကျောက်တူးဖော်ပြီး စည်းကမ်းမဲ့တူးဖော်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ယခုလိုမြေပြိုပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြပါသည်။
ကျောက်စိမ်းတူးဖော်ခွင့်ကို ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ပင်ထားသည့် ဖားကန့်တွင် ၂၀၂၁ ခုနှစ် မိုးကုန်ကာလမှစတင်၍ ညအချိန်များတွင် ကျောက်စိမ်းတူးဖော်မှုများ ပြန်လည်လုပ်ကိုင်လာကြကြောင်း ဒေသခံများက ဆိုကြသည်။