ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ ထုတ်ကုန်များ ရောင်းဝယ်သယ်ဆောင်ခြင်း မပြုရန် ကေအိုင်အေ တားမြစ်
28 February 2022-Kachinwaves
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ၏ ဦးပိုင်နှင့် ကျောထောက်နောက်ခံဖြစ်သည့် အရက်ဘီယာများ၊ ဆောက်လုပ်ရေးသုံး ဆင်မင်းဘီလပ်မြေများကို မတ် ၂၀ရက်နေ့ နောက်ဆုံးထားပြီး သယ်ယူရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ကေအိုင်အို ဖားကန့်ခရိုင်အုပ်ချုပ်ရေးရုံးမှ ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။
သတ်မှတ်ထားသည့် ရက်နောက်ပိုင်း ၎င်းပစ္စည်းများကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားသည့် ဆိုင်များနှင့် သယ်ယူပို့ဆောင်သော ယာဥ်များကို ထိရောက်စွာ အရေးယူတားမြစ်ပိတ်ပင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
ကေအိုင်အို၏ ဖားကန့်ခရိုင်အုပ်ချုပ်ရေး နယ်မြေအတွင်း ဖားကန်မြို့နယ်၊ ကာမိုင်းမြို့နှင့် အင်းတော်ကြီးဒေသများပါဝင်သည်။
ကချင်ပြည်နယ် အချို့မြို့နယ်များတွင်လည်း စစ်ကောင်စီပိုင် ထုတ်ကုန်များ ရောင်းဝယ်ဖောက်မှုများ မပြုလုပ်ရန် ကေအိုင်အိုမှ တားမြစ်သတိပေးစာများ ထုတ်ပြန်ခဲ့ပြီးနောက် လက်တွေ့အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။