မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်း ဆက်လုပ်သင့်ကြောင်း ယခင် NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ ပြောဆိုမှုကို ကန့်ကွက်
28 February 2022 – Kachinwaves
မြစ်ဆုံရေကာတာတည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သတ်၍ ယခင် NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ ပြောဆိုမှု အပေါ် မြစ်ဆုံချစ်မြတ်နိုးသူများမှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြစ်ဆုံစီမံကိန်းကြောင့် မြစ်ဆုံဒေသအနီးဝန်းကျင်က ဒေသခံပြည်သူများ အသက်ရှင်နေထိုင်ရေး၊ အသက်မွေးဝမ်းကြောင်း ပြဿနာများနှင့် နောက်ဆက်တွဲ ဆိုးကျိုးဒုက္ခများခံနေရသည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း မြစ်ဆုံချစ်မြတ်နိုးသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ဆုံဒေသအနီးတစ်ဝိုက်မှာ ရှိတဲ့သူတွေ အဲ့လောက်ဒုက္ခရောက်နေတယ်။ ပြီးလို့ရှိရင် ဒီစီမံကိန်းကြီးကို ပညာရှင်တွေကလည်း မလုပ်သင့်ဘူးလို့ ပြောထားတယ်။ ကျွန်တော်တို့ ပြည်သူတွေလည်း ဆန္ဒမရှိဘူးပေါ့။ ကိုယ်ကျိုးအမြတ်ပဲကြည့်ပြီးမှ လုပ်ဆောင်သင့်တယ်လို့ ပြောလာတဲ့အပေါ်မှာ လုံးဝကန့်ကွက်တယ်။ လုံးဝသဘောမတူဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ”ဟု ပြောသည်။
ပြည်သူများ၏ အကျိုးကိုရှေးရှုခြင်း မရှိဘဲ ယခုလို မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်သင့်ကြောင်း ပြောဆိုလာသည့်အပေါ် ၎င်းတို့နောက်ကွယ်တွင် အကျိုးအမြတ်ရှိသည့် စီမံကိန်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်ထုတ်သော မြစ်ဆုံချစ်မြတ်နိုးသူများမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
ကချင်ပြည်နယ် ချီဖွေမြို့တွင် ဖေဖော်ဝါရီလ ၂၂ – ၂၃ ရက်နေ့များတွင် ပြုလုပ်ခဲ့သော ဘာသာစကားတူ လူမျိုးနွယ်စုများ တွေ့ဆုံပွဲ၌ ဦးဇခုန်တိန့်ယိန်းက မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးဇခုန်တိန့်ယိန်းသည် ယခင် New Democratic Army Kachin (NDA-K) ၏ ခေါင်းဆောင်ဖြစ်ပြီး NDA-K ကို Boarder Guard Force (BGF) အဖြစ် ဖွဲ့စည်းပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ကာ ပြည်သူ့စစ်အဖွဲ့၏ နယာကလည်း ဖြစ်သည်။