ပူတာအိုမှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ
21 February 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအထက် အင်စီယာန်ကျေးရွာအနီးရှိ ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့ ယနေ့နံနက် ၁၀နာရီခန့်မှစ၍ သွားရောက်တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ရှိန်ဂတ်ဘွမ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့ဆိုလျှင် ၄ ရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။
ရှိန်ဂတ်ဘွမ်ရှိ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ လေးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး တောထဲသို့ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများလည်း အခက်အခဲအမျိုးမျိုးကြုံနေရကြောင်းဒေသခံတစ်ဦးကဆိုသည်။
“ဒီမှာက အဖိုးအဘွားတွေလည်းရှိတယ်၊ ကလေးတွေလည်းရှိတယ်၊ ရွာထဲကို ဘယ်သူမှ မပြန်ရဲကြဘူး။ ရာသီဥတုကလည်းအေး၊ မိုးလည်းရွာတယ်ဆိုတော့ ဖျားတဲ့လူတွေလည်း ရှိတယ်။ အခက်အခဲတွေက အများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လေးရက်ကြာဖြစ်ပွားခဲ့သည့် ရှိန်ဂတ်ဘွမ်တိုက်ပွဲတွင် ရှေ့နှစ်ရက်က စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ ထိတွေ့ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က ညနေပိုင်းတွင် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပူတာအိုဒေသကို စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့မှုများ ဆက်တိုက်လုပ်နေသည့်အတွက် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ပူတာအိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာသည့်အတွက် ဆွမ်ပီယာန်၊ လုံရှာယာန်၊ အင်စီယာန် အစရှိသည့်ကျေးရွာများမှ ပြည်သူများ အယောက် ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။