အကျအရှုံးများနေသည့် ပူတာအို ရှိန်ဂတ်ဘွမ်ဘက် စစ်ကောင်စီက လေကြောင်းဖြင့်လာပစ်
22 February 2022-Kachinwaves
၅ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက အကျအရှုံးများနေသည့် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာအထက် အင်စီယာန်ကျေးရွာအနီးက ရှိန်ဂတ်ဘွမ်တပ်စခန်းဘက်ကို ယနေ့နံနက် ၁၀ နာရီကျော်အချိန်တွင် ဂျက်လေယာဉ် နှစ်စင်းဖြင့် ၁၅ ကြိမ်ခန့် လာရောက်ပစ်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ရှိန်ဂတ်ဘွမ်စစ်ကောင်စီ တပ်စခန်းကို ဖေဖော်ဝါရီ ၁ရက်နေ့ကတစ်ကြိမ် ကေအိုင်အေနှင့် PDF တို့သွားရောက် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ ယနေ့ထိ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
“ပထမတစ်စင်းက ၅ ကြိမ်လောက်ပစ်တယ်၊ ဒုတိယတစ်စင်းက ၁၀ ကြိမ်ကျော်လောက်ပစ်သွားတာ၊ မြေပြင်မှာလည်း တိုက်ပွဲဖြစ်နေဆဲပဲ၊ လက််နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေကြဆဲပဲ”ဟု ဒေသခံတစ်ဦးကဆိုသည်။
ယနေ့ နံနက် ၆ နာရီကျော်အချိန်ကလည်း လုံရှာယာန်ကျေးရွာနှင့် တန်ဂျာကျေးရွာတွင် ရောက်လာသည့် စစ်ကောင်စီတပ်များကို ကေအိုင်အေနှင့် PDF များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံတစ်ဦးကဆိုသည်။
တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ပြည်သူများထိခိုက်မှုတော့ မရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး ပူတာအိုမှာ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံပြည်သူ ၆၀၀၀ ကျော် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း သိရသည်။
ပုံ။ တိုက်ပွဲကြောင့် တောထဲထွက်ပြေးနေရသည့် အဖွား။