ပူတာအိုမှာ တိုက်ပွဲပြင်းထန်နေ
15 February 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာနှင့် ဖတ်မာကျေးရွာကြားတွင် ယနေ့ည ၈နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
လုံရှာယန်ကျေးရွာအနီးတွင် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးလည်း အရမ်းမြည်တယ်၊ သေနတ်သံတွေလည်း မြည်တယ်၊ နှစ်ဖက်ဆုံလို့ ပစ်ခတ်ကြတယ်လို့ ထင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ဖေဖော်ဝါရီလမှ ၃ရက်နေ့တွင် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ၊PDF ပူးပေါင်းတပ်တို့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ဒဏ်ရရှိခဲ့သည်။
ဆွမ်ပီယန်ကျေးရွာအပါအဝင် အနီးရှိလုံရှာယန်၊ ဖတ်မာကျေးရွာမှ ဒေသခံပြည်သူ ၅၀၀၀ခန့် တောထဲသို့ စစ်ဘေးတိမ်းရှောင်နေရသည်။
ပုံ ။ ဖေဖော်ဝါရီ ၃ ရက်နေ့ စစ်ကောင်စီတပ်က လုံရှာယန်ကျေးရွာကို လလက်နက်ကြီများ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေစဥ်။