ပူတာအို ဖတ်မာကျေးရွာက ပြည်သူနှစ်ဦးကို စစ်ကောင်စီပစ်သတ်
16 February 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဖတ်မာကျေးရွာမှ လင်မယားနှစ်ဦးသည် ဖေဖော်ဝါရီလ ၁၅ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးနေချိန် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရပြီး သေဆုံးသွားကြောင်း သိရသည်။
၎င်းလင်မယားနှစ်ဦးသည် ကျေးရွာအနီးသို့ ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည့် သေနတ်သံများကြောင့် ဆိုင်ကယ်နှင့် ထွက်ပြေးတိမ်းရှောင်နေစဥ် လမ်းမဘေးတွင် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တချို့က အထုပ်နဲ့ထွက်ပြေးကြတယ် သူတို့နှစ်ယောက်က ကြားမှာ ညှပ်သွားတယ်လေ သေနတ်သံတွေ အရမ်းကြားလာလို့ ထွက်ပြေးဖို့ လုပ်နေတဲ့အချိန် ထိသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူနှစ်ဦးသည် မင်္ဂလာဆောင်လက်ထပ်ထားသည်မှာ ၃ လခန့်သာရှိသေးကြောင်းလည်း သိရပါသည်။
ပစ်သတ်ခံရသည့် လင်မယားနှစ်ဦးသည် အသက်နှစ်ဆယ်နှစ်ကျော်သူများဖြစ်ပြီး ၎င်းတိုနှစ်ဦးကို ယနေ့ သဂြိုလ်ရန် စီစဥ်နေကြောင်း သိရသည်။
ဖတ်မာကျေးရွာသည် အိမ်ခြေ ၁၆၀ ကျော်ရှိသည့်ကျေးရွာဖြစ်ပြီး ဒေသခံပြည်သူများ တိုက်ပွဲကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ကာ အခက်အခဲကြုံနေရသည်။
ယမန်နေ့ည ၈ နာရီခန့်မှစ၍ ဖတ်မာကျေးရွာတွင် ကေအိုင်အေနှင့် PDF ပူးပေါင်းအဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ကြရာ ည ၁၀ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။