ရိက္ခာလာယူသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေ တိုက်
15 Feb 2022-Kachinwaves
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ကေအိုင်အေအမှတ် (၁)တပ်မဟာ၊ အမှတ် (၁၀)တပ်ရင်းနယ်မြေ၊ မလိယန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခ.လ.ရ (၁၃၈) နှင့် ကေအိုင်အေတပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအရှုံးရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့သို့ စစ်ကောင်စီ တပ်များမှ ခြေလျင်ဖြင့် စားနပ်ရိက္ခာ လာယူချိန် ကေအိုင်အေတပ်ဖွဲ့နှင့် တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသ သံလွင်မြစ်၊ ရှောင်ဖော်ရွာဟောင်းအနီးတွင်လည်း စစ်ကောင်စီတပ် ခ.လ.ရ (၂၈၇)နှင့် ခ.မ.ရ (၄၂၀)မှ စစ်အင်အား ၁၅၀ခန့် ကေအိုင်အေနယ်မြေအတွင်းသို့ စစ်ရေးလှုပ်ရှားလာသည့်အတွက် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မုံးကိုးဗျူဟာကုန်းရှိ စစ်ကောင်စီမှ တိုက်ပွဲ ဖြစ်ပွါးရာအနီးဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်းသိရသည်။
Source: The Kachin Net