ဒေသခံများအတွက် အသက်သွေးကြောဖြစ်သော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်တတ်လာရန် လူငယ်များ ပညာပေးလှုပ်ရှားမှုပြုလုပ်
14 February 2022 – Kachinwaves
ဆွမ်ပရာဘွမ်မြို့ဒေသခံများအပါအဝင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများလည်း အမှိုက်ကို သတ်မှတ်နေရာ အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ် တတ်လာရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် အသိပညာများရရှိလာရန် ဆွမ်ပရာဘွမ်လူငယ်များ မြို့အတွင်းအမှိုက်ကောက်ပြီး ပတ်ဝန်းကျင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိမ်းလန်းစိုပြည်သော ဆွမ်ပရာဘွမ်ဒေသသည် ဒေသခံပြည်သူများအတွက် အသက်သွေးကြောဖြစ်သည်ဟု လူငယ်များ ဖြန့်ဝေသည့် လက်ကမ်းစာစောင်၌ ရေးထားသည်။
“မြစ်ချောင်းတောတောင်များသည် ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးအတွက် သွေးကြောဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ အသက်ဖြစ်သည့် မြစ်၊ ချောင်း၊ တောတောင်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်းတွင် အတူပူးပေါင်းပါဝင်ပေးရန် လေးစားစွာတောင်းဆိုပါသည်”ဟု ဆွမ်ပရာဘွမ်မြို့အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသည်များအား ပေးဝေသော လက်ကမ်းစာစောင်တွင် ပါရှိသည်။