ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ လမ်းပွင့်နေပြီလို့ ယုံကြည်ကြောင်း ကေအိုင်အို ဗဟိုကော်မတီ ဒုဥက္ကဌ ဆို
13 February 2022 – Kachinwaves
၂၀၀၈ ဖွဲ့စည်းပုံကို ပြယ်ဖျက်ကြောင်း အသိအလင်းကြေညာပြီးဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက်ရှိနေပြီဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း လမ်းပွင့်သွားပြီလို့ မှတ်ယူနိုင်ကြောင်း မနေ့က NUG အစိုးရမှဦးစီးကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွင် KIO ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်က ပြောကြားခဲ့ပါတယ်။
“တူညီတဲ့နိုင်ငံရေးရည်မှန်းချက်ဟာ တော်လှန်ရေးအောင်မြင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်တူညီတဲ့ တော်လှန်ရေးအင်အားစုများ ပူးပေါင်းလာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ထားရှိဖို့လိုအပ်ပါတယ်။”လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။
မနေ့က အမျိုးသားညီညွတ်ရေးအစိုးရ ဦးစီးပြီးကျင်းပတဲ့အခမ်းအနားတွင် ပင်လုံစာချုပ်ရဲ့ အနစ်သာရများဖြစ်တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှင်သန်ရေးမူများကို ရည်တန်ပြီး ကျင်းပပြုလုပ်တဲ့အတွက် ပြည်ထောင်စုနေ့နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်နိုင်ကြောင်း၊ ပင်လုံစာချုပ်ရဲ့ အနစ်သာရကို သာမက ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြရန် ခေါင်းဆောင်များအကြား အပြန်အလှန် ကတိပြုခဲ့ကြတဲ့ ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့အကောင်အထည်ဖော်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ အခမ်းအနားမှာ ရည်တန်ထားတဲ့မူများကိုလည်း အမှန်တကယ် ဖော်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီလိုဖော်ဆောင်သွားနိုင်ဖို့အတွက်က အမျိုးသားညီညွတ်ရေးအစိုးရမှ ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်သွားရမှာဖြစ်သလို တောင်တန်းဒေသနေ တိုင်းရင်းသား အင်အားစုများကလည်း ပူးပေါင်းပါဝင်ဖို့အရေးကြီးပါတယ်လို့ ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်က ပြောကြားခဲ့ပါတယ်။
“ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ အာဏာရှင်စနစ်အမြစ်ပြတ်ခြေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ရည်မှန်းချက် ပန်းတိုင်ချမှတ်ကာ ကြိုးပမ်းနေကြတဲ့ အစုအဖွဲ့များအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့လည်း ပြောကြားသွားပါတယ်။
အမှန်တကယ်လည်းချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ အားသွန်ခွန်စိုက်ဆောင်ရွက်ရမယ်ဖြစ်ကြောင်း မနေ့က အမျိုးသားညီညွတ်ရေးအစိုးရ ဦးစီးကျင်းပပြုလုပ်ခဲ့တဲ့ ပင်လုံစာချုပ် (၇၅)နှစ်ပြည့် အခမ်းအနားတွင် ကေအိုင်အို ဒုတိယဥက္ကဌဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်က ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပါတယ်။