ဆွမ်ပီယန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ရွာသားများထိခိုက်မှုရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
4 February 2022 – Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာလုံးကျွတ် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီ၏ လေယာဥ်လာမည်ဟု ဆိုသည့်အတွက် ၈နှစ်အရွယ်ကလေးငယ်နှင့် မိသားစုထဲက ပေါင်ထိခိုက်ဒဏ်ရာရထားသည့်သူနှင့်အတူ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘာမှမရှိတော့ဘူး အဝတ်အစားလည်း မရှိတော့ဘူး၊ စားဖို့လည်းမရှိဘူး၊ အိပ်မဲ့နေရာလည်း မရှိဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ သစ်ပင်တွေမှာပဲ မှီပြီး ထိုင်နေရတယ်”လို့ ဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၃ရက်နေ့တွင် စစ်ကောင်စီ၏ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၅လုံးခန့် ပျက်စီးသွားပြီး ဒေသခံပြည်သူ အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာသိပ်မပြင်းထန်တဲ့လူနာတွေကို ဒီမှာပဲ ဆေးကုခိုင်းတယ်။ ပြင်းထန်တဲ့ လူနာသုံးဦးကို မနေ့ညကပဲ မြစ်ကြီးနားဆေးရုံးကို ပို့လိုက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် အိမ်ထောင်စု ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ခန့်ရှိကြောင်း သိရသည်။