ဖားကန့် နန့်ယားတောင်ပိုင်း မာနော့မှော်မှာ တိုက်ပွဲပြင်းထန် စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်
4 February 2022-Kachinwaves
ဖားကန့်မြို့နယ် နန့်ယားကျေးရွာ တောင်ပိုင်း မာနော့မှော်တွင် ကေအိုင်အေတပ် နှင့် PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်ရွေ့လျားစစ်ကြောင်းတို့ ယနေ့နံနက်မှစပြီး ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ယနေ့ ၃နာရီအထိ လက်နက်ကြီးအချက်ရေ (၃၀)ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယနေ့ နေ့လယ် ၁၂နာရီခန့်တွင် ဂျက်လေယာဥ်နှစ်စင်း၊ ရဟတ်ယာဥ်တစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ၃နာရီခန့်တွင် ဂျက်လေယာဥ်တစ်စင်းဖြင့် နောက်တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“သူတို့ဘက် ထိခိုက်သေဆုံးတာများလို့ လေကြောင်း အသုံးပြုတာဖြစ်မယ် သုံးကြိမ်တောင် ပစ်တယ်ဆိုတော့”ဟု ဒေသခံတစ်ဦး ကပြောသည်။
ဖေဖော်ဝါရီလ ၃ရက်နေ့ ညနေပိုင်း ၅နာရီခန့်မှစပြီး နန့်ယားတောင်ပိုင်း မာနော့မှော်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။